Pages

Friday, March 24, 2017

ဥရောပ ကို ခြေချလာပြန်သည့် အကြမ်းဖက် တိုက်ခိုက်မှု



( ရှိန်းထက် ဘာသာပြန်သည်။ )

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၂ဝ၁၆ ခုနှစ်က ISIS တို့၏အကြမ်းဖက် တိုက်ခိုက်ခဲ့မှု၏ တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်နေစဉ်မှာပင် လန်ဒန်တွင် လူငါးဦး သေဆုံးသည့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ကားနှင့်တိုက်၍ လည်းကောင်း၊ ဓားနှင့် အထိုးခံရ၍ လည်းကောင်း သေသူကသေ နှင့် လန်ဒန်အတွက် တုန်လှုပ်ချောက်ချား စရာ နေ့တစ်နေ့ ဖြစ်ခဲ့ပြီး ဗြိတိန်ပါလီမန် ကျင်းပချိန်ကို ပစ်မှတ်ထား ခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိတစ်ဦးမှာ အကြမ်းဖက်သမား၏ ဓားနှင့်အထိုးခံရ၍ သေဆုံးခဲ့ပြီးနောက် ဥရောပတွင် ငြိမ်သက်နေသည့် အကြမ်းဖက်မှုကို တပ်လှန့်မှုတစ်ခု ဖြစ်ခဲ့သည်။ ISIS တို့ အရှေ့အလယ်ပိုင်း၌ အရှုံးများနှင့် ရင်ဆိုင် နေရချိန်တွင် ဥရောပနှင့် အနောက်အုပ်စုသည် အကြမ်းဖက်မှု အန္တရာယ်နှင့် အနည်းငယ် ကင်းဝေးနေခဲ့သည်။ သို့သော် အာရုံလွှဲဗျူဟာ များကို သုံးတတ်သည့် ISIS တို့သည် တစ်နှစ်တစ်ခါ လောက်တော့ အနည်းဆုံး အကြမ်းဖက်မှု တစ်ခုကို မဖြစ်ဖြစ်အောင် ပြုလုပ်လေ့ရှိသည်။ ယခုလည်း ဘယ်လ်ဂျီယံ လေဆိပ် မြေအောက်ရထား ဘူတာရုံ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် တိုက်ဆိုင်နေကာ ISIS တို့၏ ခြိမ်းခြောက်မှုက တစ်ဖန်ပေါ်ပေါက် လာပြန်သည်။

ယခု အကြမ်းဖက်မှုက ဗြိတိန်၏ အရှေ့အလယ်ပိုင်း နှင့် အာဖရိကတို့မှ တိုက်ရိုက် ပျံသန်းသည့် လေကြောင်းလိုင်း များကို လျှပ်စစ်ပစ္စည်းများ တင်ဆောင်လာခွင့် ပိတ်ပင်လိုက်သည့် အမိန့်နှင့် တစ်ရက်သာ ခြားပြီးဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် အကြမ်းဖက် တိုက်ခိုက်မှု ဆက်နွှယ်မှုက ထည့်သွင်း စဉ်းစားစရာတစ်ခု ဖြစ်နေပြန်သည်။ 

ISIS တို့သည် အရှေ့အလယ်ပိုင်းတွင် အထိနာနေ သော်လည်း အမြစ်ပြတ်သွားခြင်း မဟုတ်သည့် အတွက် အကြမ်းဖက် တိုက်ခိုက်မှုများ ကတော့ ဆက်ရှိနေဦးမည် ဖြစ်သည်။ ထို့ပြင် ယခုနှစ် မတ်လအထိ ISIS တို့က ငြိမ်ချက်သား ကောင်းနေပြန်သည်။ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး ဖြစ်သည်။ မထင်မှတ် ထားသည့် အချိန်တွင် ကောင်းမွန်စွာ ပြင်ဆင်ပြီးမှ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်နေသည်။ ထို့ကြောင့် အနည်းဆုံး လူလေးငါးဦး တော့ သေဆုံးရသည်။ ပြင်သစ်တွင် ၂ဝ၁၅ ခုနှစ်က ပဲရစ် တိုက်ခိုက်ခံရမှုနှင့် ၂ဝ၁၆ ခုနှစ် က နီးစ်ကမ်းခြေ တိုက်ခိုက်ခံရမှု နှစ်ခုစလုံးသည် တစ်နှစ်ခြား တစ်ခါဖြစ်ခဲ့ပြီး ပြင်သစ် သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်ဆုံး အကြမ်းဖက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လူပေါင်းရာချီ သေဆုံးခဲ့ပြီး ယခုအချိန်ထိ ပြင်သစ်တွင် အရေးပေါ် လုံခြုံရေးအမိန့်ကို ထုတ်ပြန်ထားရဆဲ ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်ခံရရန် ခန့်မှန်းချက်တွင် ပြင်သစ်က ထိပ်ဆုံးမှ ပါဝင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။  အနောက်အုပ်စုသည် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ အကြမ်းဖက်မှုများနှင့် ဆူညံခဲ့ရပြီး တစ်ကြိမ်ပြီးလျှင် နောက်ဆက်တွဲ အကြမ်းဖက်မှု တစ်ခုကလည်း ကပ်ပါလာတတ်သည့် ISIS တို့၏ အကျင့်ကလည်း ရှိနေသည့် အတွက် နောက်ထပ် အကြမ်းဖက်မှု တစ်ခုအတွက် အနောက်အုပ်စုတို့ ကြိုတင်ပြင်ဆင်ရန် လိုနေပြီဖြစ်သည်။

အမေရိကန်ကတော့ အကြမ်းဖက်မည့် သတင်းကိုကြိုတင် သိရှိခဲ့ပုံပေါ်သည်။ လေယာဉ်ပေါ်တွင် အကြမ်းဖက်မှု သို့မဟုတ် လျှပ်စစ်ပစ္စည်း များကို အသုံးပြုကာ အကြမ်းဖက်မှု အထမြောက်အောင် ပြုလုပ်ရန် ISIS တို့က ကြံစည်နေသည် ဟုဆိုပြီး လေယာဉ်ပေါ်တွင် ကွန်ပျူတာနှင့် တက်ဘလက် တို့ အသုံးပြုမှုကို ပိတ်ပင်လိုက်ကာ သယ်ဆောင် လာမည် ဆိုပါကလည်း ယခင်ကကဲ့သို့ သာမန်အိတ်များ ထဲတွင် လူနှင့်တစ်ပါတည်း ယူဆောင်သွား၍ မရတော့ဘဲ အစစ်ခံရမည်ဟု အမိန့်ထုတ်ပြန် ခဲ့သည်။


ထို့နောက် ဗြိတိန်က သူ့နိုင်ငံ၏ လုံခြုံရေးအတွက် ဟုဆိုကာ အမေရိကန်တို့ ထုတ်ထားသည့် အမိန့်အတိုင်း ထပ်ပြီးထုတ်လိုက် ပြန်သည်။ သို့သော် အကြမ်းဖက်မှု ကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ခန့်မှန်းထားသည့် လေကြောင်းနှင့် ပတ်သက်၍ အကြမ်းဖက်မှု တစ်ခုမျှမဖြစ်ဘဲ ကားနှင့် လိုက်တိုက်ကာ ဓားနှင့်ထိုးခဲ့သည်။

ပြင်သစ်နိုင်ငံ နီးစ်ကမ်းခြေ၌ ကုန်တင်ကားနှင့် လိုက်တိုက် သောကြောင့် လူပေါင်း ဆယ်နှင့်ချီ သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့် ယခုလန်ဒန် ဖြစ်ရပ်ကို နှိုင်းယှဉ်ကြည့်လျှင် ISIS တို့ အကြမ်းဖက်မှုတွင် ကားအသုံးများ လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် အဆောက်အအုံ ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကရိန်းများကိုလည်း အသုံးပြုလာနိုင် သေးသည်။ အလွယ်ရသည့် အရာများနှင့် အကြမ်းဖက်မှုကို ပြုလုပ်လာနိုင်ပြီး ကား၊ ကရိန်း စသည်တို့သည် လူတို့နှင့် မစိမ်းသည့် အတွက် အကြမ်းဖက်ရန် အနားကပ်လာလျှင်ပင် သတိမူမိမည် မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းရင်းနှီးနေသည့် အရာများကိုပင် အသုံးပြုပြီး အကြမ်းဖက်မှုများကို နောက်ထပ် ပြုလုပ်ရန် ISIS တို့ စဉ်းစားနေပုံရသည်။ ထိုသို့စဉ်းစားရခြင်း ကလည်း သူတို့ကို ထောက်ပံ့မှု အပြည့်အဝ မပေးနိုင်တော့သော ကြောင့်ဖြစ်သည်။

ယခင်က ငွေရပေါက်များ ဖြစ်ခဲ့သော ရေနံလမ်းကြောင်း ကလည်း ပိတ်သွားကာ နယ်စပ်မျဉ်းများကိုလည်း လက်လွှတ်ခဲ့ရပြီ ဖြစ်သောကြောင့် ISIS တို့တွင် ရန်ပုံငွေအင်အား နည်းပါးလာနေပြီ ဖြစ်သည်။ သို့သော် အသုံးပြုသည့် ပစ္စည်းများကတော့ ဥရောပဖြစ် စက်လက်နက်များ ဖြစ်သည်။ အီရတ်တွင် မိုဆူးမြို့တစ်ဝက် ပြန်လည်သိမ်းနိုင် ခဲ့စဉ်က သိမ်းဆည်းရမိခဲ့သည့် လက်နက်များမှာ ဥရောပထုတ်များ ဖြစ်သည်။ ထိုလက်နက်များ ဝင်လာသည့် လမ်းကြောင်းကို အနောက်အုပ်စုတို့ ပိတ်ရန်လိုသည်။ ထိုသို့မဟုတ်ပါက သူတို့လက်နက် နှင့် သူတို့ထပ်မံ အကြမ်းဖက်ခံနေရဦး မည်ဖြစ်သည်။ ယခုတော့ တစ်နှစ်လျှင် တစ်ကြိမ်ဆိုသကဲ့သို့ အကြမ်းဖက်ကာလ တစ်ခုသို့ ထပ်ရောက်လာပြန်ပြီ ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် အကြမ်းဖက်ကာလက ဗြိတိန်နှင့် ဥရောပမြေကို စတင်လာခဲ့ပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် ပိုပြီးအထိနာလာလျှင် အာရုံလွှဲသည့် အကြမ်းဖက်မှုများ က ပိုမိုဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် လူသစ်စုဆောင်းရေးတွင် အသုံးပြုရန် အကြမ်းဖက်မှုများကို ပိုပြီးပြုလုပ် လာနိုင်သည်။ ISIS တို့ဘက်မှ အသွင်ပြောင်း လာသူများက အစ္စလာမ်မစ် စစ်သွေးကြွ များထဲတွင် တိုက်ခိုက်ရန် အတက်ကြွ ဆုံးနှင့် အသေခံတိုက်ရန် စိတ်ဓာတ် အပြင်းထန်ဆုံးသည် နိုင်ငံခြားမှ လာရောက်ပူးပေါင်း ခဲ့သည့်သူများ ဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် ယင်းအချက်ကို သတိထား ရမည်ဖြစ်သည်။ သို့သော် သတိထားနေသည့် ကြားထဲမှပင် ဗြိတိန်တို့ အထိနာခဲ့ ရပြီဖြစ်သည်။ ထို့ကြောင့် ISIS တို့၏ထုံးစံအတိုင်း တစ်နှစ်လျှင် အနည်းဆုံးတော့ အကြမ်းဖက်မှု နှစ်ခုခန့် ပြုလုပ်တတ်သည့် အပြင် တစ်ဖန် လူသစ်စုဆောင်းရန် လိုအပ်လာကာ ပို၍လည်း အထိနာနေသည့် အတွက် ဥရောပကို လန်ဒန် အကြမ်းဖက်မှု နှင့်ဖွင့်ခဲ့သော ISIS တို့ကို ဒုတိယအကြမ်းဖက်မှု အခွင့်အရေးကို ထပ်မပေးရရေး အတွက် အနောက်အုပ်စု တို့က ဆောင်ရွက် ရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment