Pages

Tuesday, March 28, 2017

ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်သူ များကြောင့် မန္တလေး-လားရှိုး မီးရထားစီးနင်းသူများပြား



နောင်ချို ၊ ၂၈-၃-၂၀၁၇

နွေရာသီ ကျောင်းပိတ်ရက် ဖြစ်ပြီး ရာသီဥတု ကောင်းမွန် သာယာလျက် ရှိနေသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ် ကြားရှိ ကမ္ဘာကျော်  ဂုတ်ထိပ်တံတားကြီး သို့ မီးရထားစီး၍ သွားလာ လည်ပတ်သူ များပြားလျက် ရှိကြောင်း သိရသည်။

ဂုတ်ထိပ်တံတားသို့ သွားရောက် လည်ပတ်သူများသည် မန္တလေး-လားရှိုး ရထားဖြင့် သွားရောက်ကြပြီး အများစုမှာ ပြင်ဦးလွင်မြို့မှ တစ်ဆင့် သွားရောက်ကြသည်။ မန္တလေးမြို့မှ နံနက် ၅ နာရီတွင် ရိုးရိုးတန်း လူစီးတွဲ နှစ်တွဲ၊ အထက်တန်း လူစီးတွဲ တစ်တွဲဖြင့် ထွက်ခွာလာသော မန္တလေး-လားရှိုး ရထားသည် ပြင်ဦးလွင်မြို့သို့ နံနက် ၇ နာရီခွဲ ၈နာရီခန့်တွင် ဆိုက်ရောက်ကာ ပြင်ဦးလွင်မြို့မှ ရိုးရိုးတန်းလူစီးတွဲ နှစ်တွဲ ၊ အထက်တန်း လူစီးတွဲ တစ်တွဲ ထပ်မံချိတ်ဆွဲလျက် စုစုပေါင်း ရိုးရိုးတန်း လူစီးတွဲ ၄ တွဲ ၊ အထက်တန်း လူစီးတွဲ နှစ်တွဲဖြင့် လားရှိုးမြို့သို့ ဆက်လက် ထွက်ခွာ ပြေးဆွဲလျက် ရှိသည်။

လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို စသည့်မြို့များသို့ သွားရောက်ကြသူများ အနေဖြင့်လည်းကောင်း၊ ဂုတ်ထိပ်တံတား သို့ သွားရောက် လည်ပတ်ကြသူ များအနေဖြင့် လည်းကောင်း ၊ ပြင်ဦးလွင် မြို့မှတစ်ဆင့် ရထားစီးနင်း ရသည်မှာ ပိုမိုအဆင်ပြေလျက် ရှိနေကြပြီး ရထားစီးခ လက်မှတ်များမှာ ပြင်ဦးလွင်မှ လားရှိုးထိ အထူးတန်း လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၄၄ဝဝ၊ ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၁၉ဝဝ ဖြစ်ကြောင်း သိရသည်။

ယခုအချိန် ခရီးသွားရာသီ၌ နေ့စဉ် နိုင်ငံခြားသား ခရီးသည် အနည်းဆုံးဦးရေ ၄ဝ မှ ၅၀ ဦးထိ လည်းကောင်း ၊ အများဆုံး ဦးရေ ၉ဝ မှ ၁ဝဝ ထိ စီးနင်းလျက် ရှိနေကြပြီး တက္ကသိုလ်၊ ကောလိပ်နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း များမှ လေ့လာရေးခရီး ထွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ဦးလွင်မြို့ရှိ သင်တန်းကျောင်း များမှ သင်တန်းသား၊ သင်တန်းသူများ၊ လည်ပတ်သူ ခရီးသွားဧည့်သည် များဖြင့် မန္တလေး-လားရှိုး ရထားမှာ နေ့စဉ်စီးနင်းသူ များပြားလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment