Pages

Wednesday, March 22, 2017

လွန်ခရုမာဒင် ရေခဲတောင်ခရီး နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးကြမ်းတို့ကို သွားရောက်ရန် စီစဉ်



ရန်ကုန် ၊ ၂၂-၃-၂၀၁၇

တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) အဖွဲ့ဝင်များသည် ကချင်ပြည်နယ် (မြောက်ပိုင်း) ပူတာအိုခရိုင် အနောက်မြောက် ဘက်ရှိ ပေတစ်သောင်းကျော် မြင့်သော လွန်ခရုမာဒင် ရေခဲတောင် ခရီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးကြမ်းတို့ကို ဧပြီ ၁၂ ရက်မှ ၁၈ ရက်အတွင်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

လွန်ခရုမာဒင် ရေခဲတောင် ခရီးကို တက်ရောက်မည့် အဖွဲ့တွင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးခန့် ပါဝင်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ရှိ ပေခြောက်ထောင် အထက်ရှိသော တောင်ပေါ် ခရီးကြမ်းသို့ တက်ရောက်မည့် အဖွဲ့တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၇ဝ နီးပါးအထိ ပါဝင်မည် ဖြစ်သည်။

တောင်တက် အားကစားနည်းသည် ခက်ခဲ ကြမ်းတမ်းသော တောင်ပေါ်ခရီး၏ အဆုံးဖြစ်သော ပန်းတိုင်သို့ အောင်မြင်စွာ ခြေချနိုင်စေရန် အချင်းချင်းရိုင်းပင်း ကူညီကာ ပူးပေါင်းဆောင်ရွက် ရသော အားကစားနည်း ဖြစ်ကြောင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း အနေဖြင့် ယခုကဲ့သို့ တောင်တက် အားကစား ပြုလုပ်ခြင်းဖြင့် လူငယ်များ စိတ်ဓာတ်နှင့် ကိုယ်ကာယ ကြံ့ခိုင်ဖွံ့ဖြိုး လာစေရန်၊ အပြန်အလှန် ရိုင်းပင်းကူညီကာ ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ အများအကျိုး အတွက် ဆောင်ရွက်လိုသော စိတ်ဓာတ်ကောင်းများ ထက်သန်လာစေရန်၊ အခက်အခဲများကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းတတ် စေရန်နှင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုတိုးမြင့် လာစေရန် စသည့်ရည်မှန်းချက် များဖြင့် တောင်တက် ခရီးစဉ်များကို ဖော်ဆောင်လျက် ရှိကြောင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ၄င်းတို့ သွားရောက်မည့် ခရီးစဉ်များ အတွက် အပတ်စဉ် လေ့ကျင့်မှုများ အပြင် အကြိုလေ့ကျင့်ခြင်း ခရီးစဉ်များအဖြစ် ရခိုင်ရိုးမ တောင်ပိုင်းနှင့် တောင်ငူခရိုင် အတွင်းရှိ ရေလွှဲရေတံခွန် လေ့ကျင့်ရေး ခရီးကြမ်းများသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment