Pages

Tuesday, March 7, 2017

နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားခဲ့ရခြင်းကြောင့် တိုက်ပွဲများကို မလိုလားဘဲ ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိလို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ HE. Mr. Tran Dai Quang အား ဂါရ၀ပြု တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ HE. Mr. Tran Dai Quang အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၇-၃-၂၀၁၇

ဗီယက်နမ်နိုင်ငံ အနေဖြင့် နှစ်ပေါင်း ၂ဝ ကျော် အမေရိကန်တို့နှင့် စစ်ပွဲဒဏ်ကို ခံခဲ့ရသကဲ့သို့ မြန်မာနိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်မှ ယနေ့တိုင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနေရဆဲ ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၂ဝ၁၁ ခုနှစ်မှစ၍ မိမိနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ကို ခိုင်ခိုင်မာမာနှင့် တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ တိုင်းပြည်တည်ငြိမ် အေးချမ်းရန်အတွက် လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားခဲ့ရခြင်းကြောင့် တိုက်ပွဲများ ကို မလိုလားဘဲ ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိလိုကြောင်းဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် သမ္မတနန်းတော်သို့ သွားရောက်၍ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ သမ္မတ H.E. Mr. Tran Dai Quangtm အား ဂါရဝပြု တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးတို့ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်နှင့်အတူ သမ္မတရုံး အကြီးအကဲ Mr. Dac Viet Trung ၊ အမျိုးသား
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Sr. Lt. Gen. Nguyen Chi Vinh နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတက ယခု ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ကာကွယ်ရေး စသည်ဖြင့် ဘက်စုံပူးပေါင်း ပေါင်းဆောင်ရွက်လို ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြား လေ့ကျင့်ရေး ဆိုင်ရာများ၊ အားကစားနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံအကြား၊ ပြည်သူလူထု နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲ စေနိုင်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မှု အတွက်လည်း ဝမ်းမြောက် ကြောင်း၊ မိမိတို့သည်  အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်နှင့် အညီ အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု မှသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုး တိုးတက်မှုသို့ ဦးတည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်မှု ယခုထက်ပိုမို၍ အောင်မြင်စေရန်နှင့် မြန်မာ့တပ်မတော် လည်း ပိုမိုတိုးတ် အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်မှုအတွက် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် မှလည်း နှုတ်ခွန်းဆက် ပါကြောင်းနှင့် အခါအခွင့်သင့် ပါက မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီး လာရောက်ပါရန် ဖိတ်ကြားပါကြောင်း ဦးစွာ ပြောကြားသည်။ ဆက်လက်၍ မိမိတို့ နှစ်နိုင်ငံသည် သမိုင်းကြောင်းအရ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီခဲ့ကြသည့် ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ခဲ့ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား တွင်လည်း ယခင်ခေါင်းဆောင်များ လက်ထက် တည်ဆောက်ခဲ့သည့် ဆက်ဆံရေးကို မိမိတို့လက်ထက် ပိုမိုခိုင်မာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် နေကြောင်း၊ နောင်မျိုးဆက်သစ် များကိုလည်း လက်ဆင့်ကမ်း သွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အပြင် CLMV နိုင်ငံများပါ ဖြစ်ခြင်းကြောင့် ထိတွေ့ ဆက်ဆံမှု ပိုမိုများပြားကြောင်း၊ ယခုခရီးစဉ် တွင်လည်း တပ်မတော် နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေး၊ လေ့ကျင့်ရေး၊ အားကစားနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် သဘောတူညီခဲ့ ကြပါကြောင်း ရှင်းလင်း  ပြောကြားသည်။

ဆက်လက်၍ မိမိ၏ ဒုတိယအကြိမ်မြောက် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ခရီးစဉ်တွင် ၅ နှစ်တာ ကာလအတွင်း တိုးတက် ပြောင်းလဲမှုများစွာ မြင်တွေ့ရသဖြင့် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကိန်းဂဏန်းများ အရ ကုန်သွယ်မှု ပိုမိုမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံရေကြောင်း ကုန်သွယ်မှု အလှမ်းဝေးခြင်း ကြောင့် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ အိန္ဒိယ ကုန်းတွင်းလမ်း ဆက်သွယ်နိုင်ပါက များစွာ အကျိုးရှိနိုင်သဖြင့် ထည့်သွင်းစဉ်းစား လုပ်ဆောင်စေလို ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတကြီးမှ ပြည်သူ့လုံခြုံရေး ဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ ပါကြောင်း၊ နှစ်နိုင်ငံအကြား တူညီမှုများစွာ ရှိ၍ ပူးပေါင်း ဆောင်ရွက်မှု  များလည်း အောင်မြင် မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား အစိုးရချင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ လူထုနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု များအား ကဏ္ဍအစုံတွင် ယခုထက်ပိုမို တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတကြီးအား အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment