Pages

Friday, March 3, 2017

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်ဆောင်ဆန်းတံတား ဟု အမည်ပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုကြောင့် ဒေသခံများ ဆန္ဒထုတ်ဖော်



မော်လမြိုင် ၊ ၃-၃-၂၀၁၇

သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှု နှင့် ပတ်သက်၍ ဒေသခံလူဦးရေ ၃ဝဝဝ ကျော်က ချောင်းဆုံမြို့၌ ယမန်နေ့ နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲ ဝန်းကျင်ထိ ချီတက် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ စတုတ္ထ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့၌ မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ မိကွန်ချမ်းက တံတားအမည်ကို ဗိုလ်ချုပ် အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြု သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရ ကို တိုက်တွန်းကြောင်း အဆိုတင်သွင်း ခဲ့သည့်အပေါ် ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။

''ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် ပြောင်းတာကို ကျွန်တော်တို့ ဒေသခံတွေ အလိုမရှိဘူး။ မူလအမည် သံလွင်တံတား (ချောင်းဆုံ) ဒါမှမဟုတ် ဒေသနဲ့ကိုက်ညီတဲ့ အမည်သတ်မှတ် ပေးဖို့ ဒေသခံ တိုင်းရင်းသား တွေရဲ့ဆန္ဒကို အလေးအနက် ထားပေး ဖို့အတွက် ကျွန်တော်တို့ ဒေသခံတွေက ဆန္ဒြပ တောင်းဆို ရတာဖြစ်ပါတယ်'' ဟု ဆန္ဒထုတ်ဖော်သည့် ချောင်းဆုံဒေသခံ တစ်ဦးက ပြောပြသည်။

ယင်းအဆိုအပေါ် မွန်ဒေသခံများက ကျေနပ်မှုမရှိခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းကို မလိုလားခြင်း၊ တိုင်းရင်းသားများ၏ သဘောထားဆန္ဒနှင့် ဆန့်ကျင်ခြင်း၊ ပထဝီ အနေအထား ပြယုဂ်များကိုလည်း အသိအမှတ် ပြုခြင်း မရှိသည့် သဘော သက်ရောက်နေပြီး အထက်မှ အောက်သို့ အမိန့်ပေးသကဲ့သို့ ဖြစ်နေသောကြောင့် မွန်ပြည်နယ် အတွင်းရှိ မွန်ဒေသခံများ၊ မွန်အရပ်ဘက် အဖွဲ့အစည်း များနှင့် ချောင်းဆုံမြို့ ဒေသခံများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ချောင်းဆုံဒေသခံ ဆရာတော်များ၊ ဒေသခံပြည်သူ များဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား ချစ်ကြည်ရင်းနှီးရေး၊ နယ်မြေ တိုင်းရင်းသား ဆန္ဒ အသိအမှတ်ပြုရေး၊ တိုင်းရင်းသားဆန္ဒ နှင့်မညီသည့် လုပ်ရပ် ချက်ချင်းရပ် စသည်တို့ကို ကြွေးကြော်၍ စီတန်းလှည့်လည် ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည် ပေးခြင်းအပေါ် ကန့်ကွက် ဆန္ဒပြရခြင်းသည် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အား မလေးစား၍ မထီမဲ့မြင် ပြုခြင်းမဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်သည့် ကာလတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ဒေသခံ တိုင်းရင်းသားတို့၏ သဘောထားဆန္ဒကို လေးစား အသိအမှတ် ပြုရန် အထူး အရေးကြီးပြီး ယခုအချိန် တွင် ကျွန်ုပ်တို့ တိုင်းရင်းသား များသည် ဗိုလ်ချုပ်အောင်ဆန်း အင်ပါယာကို တည်ဆောက်နေခြင်း မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နေခြင်းသာ ဖြစ်ကြောင်း ချောင်းဆုံဒေသခံ များ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလအမည်တွင်ခဲ့ သည့် သံလွင်တံတား (ချောင်းဆုံ)ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးပွဲကို ဗိုလ်ချုပ်မွေးနေ့ ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တံတားအမည် ပေးပွဲ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment