Pages

Friday, March 24, 2017

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ မှော်ယောကြီးဆင်စခန်းသို့ လာရောက်လည်ပတ်သူ များပြား



ကျောက်တံခါး ၊ ၂၄-၃-၂၀၁၇

ရန်ကုန်မြို့နှင့် မိုင် ၁ဝဝ ၊ နေပြည်တော် နှင့် မိုင် ၁ဝဝ သာ ကွာဝေး၍ နေ့ချင်းပြန် သွားရောက် နိုင်သော ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှော်ယောကြီး ကျေးရွာအနီး အမှတ်(၁၃) ကြိုးဝိုင်း အိုင်တုံကွင်း အတွင်း ဧက ၁၆ဝဝ အကျယ်ရှိ မှော်ယောကြီး တောတွင်း အပန်းဖြေ ဆင်စခန်းသို့ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၅/၄)မှ အနောက်ဘက်သို့ မြေသားလမ်း အတိုင်း ၁ မိုင်ကျော်သာ ကွာဝေးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သည့် အတွက်
ခရီးသွားများ ပိုမိုလာရောက် ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပဲခူးရိုးမ သစ်တောကြီးအား ၁ဝ နှစ်ကြာ သစ်ထုတ်လုပ်မှုများ ရပ်နားထားသည့် နောက်ပိုင်း သစ်ဆွဲဆင် အများအပြားကို ဗန်းမော်မြို့နှင့် ကသာမြို့တို့သို့ ပို့ဆောင်ခဲ့ပြီး ဝန်တင်ဆင်နှင့် ဆင်အို၊ သားပေါက်ဆင်များကို ပဲခူးရိုးမ တောအတွင်း အုတ်တွင်းမြို့ အနောက်ရှိ ဆင်ဆေးရုံ၊ အခြားသော ဆင်ဝိုင်းများအပြင် ယခုကဲ့သို့ အပန်းဖြေ ဆင်စခန်းများသို့ ပို့ဆောင်၍ သရုပ်ပြဆင်အဖြစ် သင်ကြားကာ ခရီးသွားဧည့်သည် များအတွက် ဆင်စီးခြင်း၊ ဆင်ရေချိုးခြင်း နှင့်ဆင်အစာကျွေးခြင်း တို့အပြင် ဆင်များအား အနီးကပ် ထိတွေ့ခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

ဆင်များကို နေ့စဉ်ထိန်းကျောင်း ပေးကြရသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များအတွက် ရရှိသည့် ဝင်ငွေဖြင့် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုနိုင်ပြီး လက်ရှိ မှော်ယောကြီး ဆင်စခန်း၌ ဆင် ၂၃ ကောင်ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

ဆင်စခန်းဝင်ကြေး အနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်း၊ ဆင်စီးခြင်း ငွေကျပ် နှစ်သောင်း၊ ပြည်တွင်း ဧည့်သည်များ အနေဖြင့် ဝင်ကြေးငွေကျပ် ၁ဝဝဝ၊ ဆင်စီး လျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ နေ့လယ်စာ စားသုံးလိုပါက ထမင်းတစ်နပ်လျှင် ငွေကျပ် ၄ဝဝဝ ကျသင့်မည် ဖြစ်သည်။ ဆင်စခန်းအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ကို နားရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment