Pages

Friday, March 3, 2017

မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးတော့မည်



မန္တလေး ၊ ၃-၃-၂၀၁၇

မန္တလေးမြို့နန်းတွင်း ရှိ မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ မတ်လကုန်ပိုင်းတွင် ပြီးစီးတော့မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေး)  ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ထံမှ သိရသည်။

အဆိုပါ မြနန်းစံကျော် ရွှေနန်းတော်ကြီး ၏ အစိတ်အပိုင်း တချို့မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာမှုကြောင့် ပျက်စီးယိုယွင်း လာသဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပြန်လည်ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ယခု လကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့ပြင် မန္တလေးနန်းတွင်းကို ရေရှည် ထိန်းသိမ်းနိုင်ရန် မြို့ရိုးပတ်လည်ရှိ ရေညှိများကို ပေါင်းသတ် ရှင်းလင်းခြင်း၊ ရေလုံဆေး အသုံးပြု၍ အနားသတ် ကြားသိပ်ခြင်း၊ မြို့ရိုးအုတ်နံရံတွင် ပျက်စီးလစ်လပ် နေသော နေရာများကို ပြုပြင်ခြင်း၊ အက်ကွဲကျိုးပဲ့ နေသောအုတ်များနှင့် ဆွေးမြည့်နေသော အုတ်များကို ဖယ်ရှားပြီး ရှေးဟောင်းအုတ် အရွယ်အစားအတိုင်း အစားထိုး ဆောင်ရွက်ခြင်း၊ မြို့ရိုးကွဲအက် ပျက်စီးနေသည့်နေရာ များကို ကာဗွန်ဖိုက်ဘာ နည်းပညာ၊ Brick Stitching နည်းပညာ၊ Lime Grouting ထည့်သွင်းခြင်း နည်းပညာများ အသုံးပြု၍ ကြံ့ခိုင်အောင် ဆောင်ရွက်လျက် ရှိသည်။

နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိပြီ ဖြစ်သော မန္တလေးနန်းတော် ရှေးဟောင်းကျုံး မြို့ရိုးနှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီးမှာ ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက် လေ့လာမှု များပြားကြောင်း၊ ယင်းအတွက် လာရောက် လေ့လာသူများ အနားယူနိုင်မည့် ဥယျာဉ်ပန်းခြံများ ဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment