Pages

Friday, February 3, 2017

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများကို အချိန်မရွေး သွားလာ၍ရသောလမ်းအဖြစ် ၂၀၃၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည်


မကွေး ၊ ၃-၂-၂၀၁၇

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်း များကို အချိန်မရွေး သွားလာ၍ရသော လမ်းများဖြစ်ရန် ၂ဝ၃ဝ ပြည့်နှစ်တွင် ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ (မူကြမ်း)နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပကာ အကြံဉာဏ်ရယူနေပြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ နည်းပညာ အကူအညီရယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''မြန်မာတစ်နိုင်ငံလုံးက လမ်းတွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ အတွက် နိုင်ငံတကာ အကူအညီတွေ၊ အစိုးရ ဘတ်ဂျက်တွေနဲ့ ပူးပေါင်းပြီး ၂ဝ၃ဝ မှာ ကျေးလက်လမ်းတွေ အချိန်မရွေး သွားလာလို့ ရတဲ့လမ်းတွေ ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က ဇန်နဝါရီ ၃၁ ရက်တွင် မကွေးမြို့၌ ကျင်းပသည့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မူဘောင်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ တွင်ပြောသည်။

ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးရေး စီမံကိန်းကို လာမည့်မတ်လတွင် ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပြီး လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းတွင် မိုင်ပေါင်း ၆၆ဝဝ မှာ အသစ်ဖောက်လုပ် ရမည်ဖြစ်ကြောင်း၊ မိုင်ပေါင်း ၂၆ဝဝဝ ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ငန်းများ ဆောင်ရွက်လျှင် လမ်းပြင်ဆင်ခြင်း အတွက် စုစုပေါင်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ကုန်ကျနိုင် သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျေးလက်လမ်း များ၏ အခြေအနေသည် ၃၄ ရာခိုင်နှုန်းသော လမ်းများသာ ကောင်းမွန်ပြီး ၆၆ ရာခိုင်နှုန်း သည် နွေရာသီ အချိန်၌သာ သွားလာနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment