Pages

Sunday, February 26, 2017

ရေယာဉ်စီးခရီးသည်များ ဘေးကင်းစေရေးအတွက် လေပြင်းအန္တရာယ်ဂရုပြုရန် သတိပေးထား



ရန်ကုန် ၊ ၂၆-၂-၂၀၁၇

ရေယာဉ်စီး ခရီးသည်များ အတွက် မလိုလားအပ်သော ဘေးအန္တရာယ် မကြုံစေရေး လေပြင်းအန္တရာယ်ကို ဂရုပြုကြရန် သတိပေးထားကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မှ သိရသည်။

''အခုလိုပူပြင်းတဲ့ ရာသီမှာ ညနေပိုင်း လေပြင်းတွေ တိုက်တတ်ပါတယ်။ အထူးသဖြင့် မြစ်ထဲသွားနေတဲ့ သင်္ဘောတွေ အနေနဲ့ အခုလိုရာသီမှာ ပိုသတိထားသင့် ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကလည်း လေပြင်း နဲ့ပတ်သက်လို့ သတင်းထုတ်ပြန် ထားတာတွေ ရှိပါတယ်။ ခရီးသည် ပို့ဆောင် ပေးနေတဲ့ သင်္ဘောကြီးတွေ အပါအဝင် မြစ်ထဲမှာသွားလာ နေတဲ့ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် သင်္ဘော တွေအကုန်လုံးက အဲဒီ ထုတ်ပြန်ချက်ကို လိုက်နာဖို့နဲ့ သတိပြု သွားလာဖို့ကို အသိပေး ဆောင်ရွက် နေပါတယ်'' ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် မတ်၊ ဧပြီနှင့် မေလတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ် လေ့ရှိပြီး လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း စသည့်ဖြစ်စဉ်များ ပေါ်ပေါက်တတ်ရာ ၂ဝ၁၆ ခုနှစ်အတွင်းက လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်၍ နေအိမ် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ခေါင်မိုးများလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်း တို့ကြောင့် လူဦးရေ တစ်သိန်းခွဲခန့် ဘေးဒုက္ခ တွေ့ကြုံခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုနှစ်အတွင်း မတ်၊ ဧပြီ နှင့် မေလတို့တွင် ဖြစ်ပွားနိုင်သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်း စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ  ချထားရေး ဝန်ကြီးဌာနက ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနှင့် အတူ ပူးပေါင်း ဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment