Pages

Friday, February 24, 2017

ရွှေတိဂုံစေတီတော်လုံခြုံရေးအတွက် မောင်းသူမဲ့လေယာဉ်ပျံသန်းမှုများကို Anti Drone ဖြင့် ပစ်ချဖမ်းဆီးဆောင်ရွက်နေ


ရန်ကုန် ၊ ၂၄-၂-၂၀၁၇

ရွှေတိဂုံစေတီတော် လုံခြုံရေးအတွက် ရင်ပြင်တော်နှင့် ဘုရားပရိဝုဏ် အတွင်း ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မောင်းသူမဲ့ လေယာဉ် (ဒရုန်း) ပျံသန်းမှုများကို Anti Drone ဖြင့် ပစ်ချဖမ်းဆီး ဆောင်ရွက်နေပြီး လက်ရှိ အချိန်ထိ သုံးစင်းဖမ်းဆီး ရရှိထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံ စေတီတော်ရင်ပြင် နှင့် ဝတ္တကမြေအတွင်း ဒရုန်းမောင်းနှင် ပျံသန်းမှုများကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်တွင် စတင်တားမြစ် ခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ Anti Drone ကို ငွေကျပ် ၃၂၂ သိန်းဖြင့် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ဝယ်ယူကာ ဖမ်းဆီးမှုကို စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ရွှေတိဂုံစေတီတော် ရင်ပြင်နဲ့ ဝတ္တကမြေအတွင်း ဒရုန်းပျံသန်းတာ တွေ့ရင် Anti Drone နဲ့ ပစ်ဖမ်းတာကို ဆောင်ရွက်ပါတယ်။ အရင်က ဒရုန်း ဘယ်နေရာက လွှတ်လဲဆိုတာကို စောင့်ကြည့်ပြီး ဖမ်းဆီးရတဲ့ အတွက် အခက်အခဲ ရှိတယ်။ အခုတော့ ဒရုန်းပျံသန်းမှုကို တွေ့တာနဲ့ Anti Drone နဲ့ပစ်ပြီး အလွယ်တကူ ဖမ်းဆီးလို့ရနေပါပြီ'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဒရုန်း ပျံသန်းမှုကို လက်ရှိတွင် ရုပ်ရှင်နှင့်ဗီဒီယို ရိုက်ကူးမှုများမှ အစ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခွင့်ပြုထားခြင်း မရှိဘဲ စေတီတော်၏ ရွှေသင်္ကန်းများ ကြံ့ခိုင်မှုကို ကြည့်ရှုလေ့လာ စစ်ဆေးရန်သာ ခွင့်ပြုထားကြောင်း၊ စေတီတော်အား ကာကွယ် ထိန်းသိမ်းနိုင်ရန် ယခုကဲ့သို့ ဒရုန်းလွှတ်တင် မှုကို တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment