Pages

Monday, January 23, 2017

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသ၊ မိုင်းနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ ဇန်နဝါရီ ၂ဝ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA တပ်ရင်း(၂၆)မှ ဒုတိယတိုက်နယ်မှူး အဆင့် ရှိ နော်ခွန်း (ဘ) ဦးလနန်လ ရောက်ရှိနေကြောင်း သတင်း ရရှိသဖြင့် နယ်မြေခံ စစ်ကြောင်းမှ တပ်မတော်သား များနှင့် တာဝန်သိ ပြည်သူများက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပူးပေါင်းဖမ်းဆီး ခဲ့ရာ မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

စစ်ဆေးမေးမြန်းမှု များအရ ၄င်းသည် KIA လော့ခွန်တိုက်နယ် မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူ ဖြစ်ကြောင်းနှင့် မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်ရှိ ခေါင်ဇယ်၏ နေအိမ်၌ အခြေပြုလှုပ်ရှား နေကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီခန့်တွင် နယ်မြေခံ တပ်မတော် စစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခေါင်ဇယ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၄င်းနေအိမ်ရှိ နော်ခွန်း နေထိုင်သည့် အိပ်ခန်းအတွင်းမှ Drone တစ်စင်းနှင့် လက်တော့ပ် ကွန်ပျူတာတစ်လုံး (မကောင်း) တို့အား ရှာဖွေ သိမ်းဆည်းရမိ ခဲ့သည်။

သိမ်းဆည်းရမိ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment