Pages

Friday, January 27, 2017

တောင်ဇင်း နှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ ၉၈ ရွာကို သောက်သုံးရေ ဖြန့်ဝေမည်



ညောင်ဦး ၊ ၂၇-၁-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သည် အပူပိုင်းဇုန် ဒေသအတွင်း ပါဝင်ပြီး မိုးရွာသွန်းမှု နည်းပါးသဖြင့် သောက်သုံးရေ အခက်အခဲ များ မကြုံစေရန် တောင်ဇင်း ရေပေးရေးနှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ကျေးရွာပေါင်း ၉၈ ရွာကို သောက်သုံးရေများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ် နတ်သမီး ကမ်းပါးရေစက်ရုံမှ ငှက်ပစ်တောင် ထိ မြစ်ရေတင်ယူပြီး ငှက်ပစ်တောင်မှ တစ်ဆင့် တောင်ဇင်းကျေးရွာ ရေပေးရေး ပိုက်လိုင်းနှင့် စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းဟူ၍ လိုင်းနှစ်မျိုး ခွဲခြားပြီး ကျေးရွာပေါင်း ၉၈ ရွာကို လာမည့် နွေဥတုတွင် သောက်သုံးရေ အပြည့်အဝ သုံးစွဲနိုင်ရန် စက်ပိုင်းဆိုင်ရာ များနှင့် ပိုက်လိုင်းများ ကို ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်၍ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်နှစ်တွေ ကတော့ စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူပြီး ကျေးရွာ ခုနစ်ရွာကို သောက်သုံးရေ ပေးဝေခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တာဝန်ယူပြီး ကျေးရွာပေါင်း ၉၈ ရွာအတွက် ရေပေးဝေရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ ပါတယ်။ လာမယ့် နွေဥတု ကာလမှာ ကျေးရွာပေါင်း ၉၈ ရွာကို လွယ်လွယ်ကူကူ သောက်သုံးရေ ပေးဝေနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီနှစ် နွေဥတုမှာတော့ သောက်သုံးရေကို အပြည့်အဝ ပေးဝေသွားမှာပါ'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းနောင် က ပြောပြသည်။

အဆိုပါ ရေပေးရေး စီမံကိန်းများမှ တောင်ဇင်း ရေပေးရေး ပိုက်လိုင်းအရှည်မှာ ၂၃ မိုင်၊ ရေတွန်းစက်ရုံ ငါးရုံ၊ ကျေးရွာ ရေဝေတိုင် ၂၄ တိုင်၊ အကျိုးပြု ကျေးရွာ ၃၉ ရွာဖြစ်ပြီး စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းအရှည် ၃၆ မိုင်၊ ရေတွန်းစက်ရုံ ခုနစ်ရုံ၊ ရေဝေတိုင်ပေါင်း ၃၄ တိုင်၊ အကျိုးပြု ကျေးရွာ ၅၉ ရွာရှိကာ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေကို ရာသီမရွေး ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment