Pages

Monday, January 9, 2017

ငါး ပုစွန်မွေးမြူရေး ခေတ်နှင့်အညီ ပြောင်းလဲမှသာ ဖွံ့ဖြိုးတိုးတက်မည်



ရန်ကုန် ၊ ၉-၁-၂၀၁၇

မြန်မာနိုင်ငံ၏ ငါး၊ ပုစွန် မွေးမြူရေး စနစ်ကို သမားရိုးကျ မွေးမြူရေးစနစ်မှ ခေတ်မီ ငါးမွေးမြူရေး စနစ်သို့ ပြောင်းလဲမှသာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ထံမှ သိရသည်။

ခေတ်မီ ငါးမွေးမြူရေး စနစ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်စေရန် ပထမအချက် အနေဖြင့် မျိုးကောင်းမျိုးသန့် ရရှိရန် လိုအပ်ကြောင်း၊ မွေးမြူမည့် ငါး၊ ပုစွန်များ ရောဂါဒဏ်ခံ နိုင်ရည် ရှိရမည် ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အတွက် အကျိုးအမြတ်ရှိ ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ဈေးကွက်တွင် ဈေးကောင်းရရန် လိုအပ်ကြောင်း သိရသည်။

ဒုတိယအချက် အနေဖြင့် လက်ရှိအသုံးပြု နေသော ဖွဲနုနှင့် ပဲဖတ်များကို ကန်ထဲသို့ တိုက်ရိုက်ချပြီး ကျွေးသည့် စနစ်သည် ကမ္ဘာ့နိုင်ငံများ၌ အသုံးမပြု တော့သည့် စနစ်ဖြစ်ကြောင်း၊ အစာများကို ကန်ထဲသို့ ထည့်ကျွေးခြင်းသည် ရေတွင် ပျော်ဝင်မှု များကာ အလေအလွင့် များခြင်း၊ ရေနှင့် ထိတွေ့မှုကြောင့် ပျက်စီးမှုများခြင်း၊ အစာကုန်ကြမ်း များစွာ အသုံးပြုရ၍ ကုန်ကြမ်း လိုအပ်ချက်များ ဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် ခေတ်မီ အစာထုတ်စက် များဖြင့် ဖော်စပ်ထားသော အစာများဖြင့်သာ ကျွေးသည့် စနစ်သို့ ပြောင်းလဲရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးမှ သိရသည်။

တတိယအချက် အနေဖြင့် မွေးမြူသည့် ကန်များ၏ ရေအရည်အသွေး မြင့်ကာ သန့်ရှင်းမှု ရှိရန် လိုအပ်ကြောင်း၊ ငါး၊ ပုစွန်များ၏ ရှင်သန်ကြီးထွားမှု၊ ရောဂါ ကျရောက်မှု ပြဿနာများသည် မွေးမြူသော ကန်၏ရေ အရည်အသွေး သန့်ရှင်းမှု ပေါ်တွင် မူတည်ကြောင်း၊ ကန်၏ ရေ အရည်အသွေးကို သန့်စင်အောင် ခေတ်မီ နည်းစနစ်များဖြင့် စီမံပြုလုပ် ထားမည်ဆိုပါက ငါးကြီးထွားနှုန်း မြင့်တက်ကာ ရောဂါ မကျရောက် တော့ဘဲ အထွက်တိုးမည် ဖြစ်ကြောင်း၊ ရေ၏ အရည်အသွေး ထိန်းညှိနိုင်စေရန် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနရှိ ဓာတ်ခွဲခန်း များတွင် ဓာတ်ခွဲစစ်ဆေးရန် အချိန်ပေး ဆောင်ရွက် သင့်ကြောင်း သိရသည်။ 

သို့မှသာ ခေတ်မီ မွေးမြူရေးစနစ် ဖြစ်လာနိုင်ပြီး ဘေးကင်း လုံခြုံမှုရှိသော မွေးမြူရေး စနစ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment