Pages

Friday, January 13, 2017

နိုင်ငံကာကွယ်နိုင်ရေးအတွက် အိန္ဒိယမှ ဒုံးကျည်များကို ၀ယ်ယူတော့မည့် ဗီယက်နမ်




( ရှိန်းထက် )

အိန္ဒိယသည် စီးပွားရေးဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ၄င်း၏စစ်ရေး စွမ်းအားကိုပါ ထပ်တူတိုးမြှင့် လာခဲ့သည်။ ထို့နောက် တရုတ်တို့ လမ်းစဉ်အတိုင်း ဒေသတွင်း စစ်ရေးသြဇာ လွှမ်းမိုးနိုင်ရန် ကြိုးစား လာပြန်သည်။ ယခု အိန္ဒိယ၏ ရည်ရွယ်ချက်မှာ အာဆီယံ၏ ကာကွယ်ရေး မဏ္ဍိုင်အဖြစ် ရပ်တည်နိုင်ရန် ဖြစ်သည်။

ယခု ဗီယက်နမ်က အိန္ဒိယ၏ ဒုံးကျည်များကို ဝယ်ယူကာ ၄င်း၏နိုင်ငံ ကာကွယ်ရေး အင်အား မြှင့်တင်ရန် စိတ်ဝင်စားလျက် ရှိသည်။ စစ်လက်နက် ဝယ်ယူရန်ကိစ္စကို ၂ဝ၁၆ ခုနှစ်ကတည်းက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်းတို့ အထဲတွင် တော်ပီဒိုနှင့် စစ်ဘက်သုံး ရဟတ်ယာဉ် များလည်း ပါဝင်သည်။ အိန္ဒိယ သည် ၂ဝ၁၆ ခုနှစ်မှစ၍ ကာကွယ်ရေး ကဏ္ဍတွင် နေရာတစ်နေရာ ရခဲ့သည်။ အထူးသဖြင့် ဒုံးကျည်ကဏ္ဍတွင် ဖြစ်သည်။

အိန္ဒိယအစိုးရ အနေဖြင့် ၁၉၈၃ ခုနှစ်မှ စ၍ ၂ဝဝ၇ ခုနှစ်အထိ ဒုံးကျည် သုတေသနကို အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး Akash အပါအဝင် Nag ၊ Angi ၊ Trishul နှင့် Prithvi တို့ကို အောင်မြင်စွာ ထုတ်လုပ်နိုင် ခဲ့သည်။ တာတို၊ တာလတ်နှင့် တာဝေးပစ် အထိ အတိကျဆုံး ပုံစံများဖြင့် ထုတ်လုပ်ခဲ့ပြီး ယခု အိန္ဒိယဒုံးကျည် ဈေးကွက်သည် ကမ္ဘာပေါ်၌ အသစ်စက်စက် ပေါ်ထွက်လာသည့် ကာကွယ်ရေး ဈေးကွက် ဖြစ်သည်။

ထိုအထဲတွင် အအောင်မြင်ဆုံး နှင့် အကောင်းဆုံးမှာ Angi အမျိုးအစား တာဝေးပစ်ဒုံးကျည် ဖြစ်သည်။ တာဝေးပစ် ဒုံးအင်ဂျင် အသုံးပြုထားသည့် တိုက်ချင်းပစ် ဒုံးကျည် IC BM အမျိုးအစားဖြစ်ကာ ကီလိုမီတာ သောင်းချီ ပစ်ခတ်နိုင်သည့် အမျိုးအစား ဖြစ်သည်။ ယခု ဗီယက်နမ်တို့ ဝယ်ယူမည့် အမျိုးအစားမှာ Akash အမျိုးအစား တာလတ်ပစ် ဒုံးကျည်ဖြစ်သည်။

၆ဝဝ ကီလိုမီတာ အထိ အရောက်ပစ်နိုင်ပြီး မြေပြင်မှ ဝေဟင်ပစ် အမျိုးအစား ဖြစ်ကာ ကာကွယ်ရေးစနစ် အတွက်လည်း အသုံးပြုနိုင်သည်။ အိန္ဒိယ စစ်တပ်သည် ရာသီမရွေး အသုံးပြုနိုင်သည့် Akash အမျိုးအစား ဒုံးကျည်များကို အစင်းရေ ၃ဝဝဝ အထိ ထုတ်လုပ်ထားသည်။ အိန္ဒိယတို့သည် ရုရှားနည်းပညာ အကူအညီဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် များကပင် စစ်ဘက်တွင် ပူးတွဲ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အာကာသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် တွင်လည်း ဆယ်စုနှစ်နှင့်ချီ အောင်မြင်မှုများ ရရှိထားသည့် နိုင်ငံဖြစ်သည်။

ထို့ပြင် အိန္ဒိယလေတပ် အတွက် အဓိက ပင်မကျောရိုး အနေဖြင့် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် Su-30 ဂျက်တိုက်လေယာဉ် များဖြင့် ဗီယက်နမ် လေသူရဲများကို လေ့ကျင့် ပေးရေးအတွက် အိန္ဒိယနှင့် ဗီယက်နမ် တို့ သဘောတူညီမှု ရယူထားပြီး ဖြစ်သည်။ အိန္ဒိယလေတပ် သည် ၂ဝ၂ဝ ပြည့်နှစ်ကျော် အနာဂတ်ကာလ များအတွက် ခေတ်မီသည့် လေတပ်မတော် တစ်ခုကို ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် Su-30 ကို ဝယ်ယူနေခြင်း ဖြစ်ပြီး ယခုအချိန်ထိ ရုရှားတို့ထံမှ Su-30 မှာယူမှု အရေအတွက်သည် ၃၄၁ စင်းရှိသွားပြီ ဖြစ်သည်။

၂ဝ၁၄ ခုနှစ်အထိ ထုတ်လုပ်ပြီးသမျှ Su-30 အရေအတွက်သည် ၂ဝဝ ရှိပြီး အိန္ဒိယစစ်တပ် သည် မူပိုင်အသုံးပြုသူ ဖြစ်သည်။ ယခု အိန္ဒိယ၌ Su-30 အစင်းရေ ၂ဝဝ ကျော်ဖြင့် လေတပ်အခန်း ကဏ္ဍကို အဓိက တာဝန်ယူ ထားသည်။ တာဝေးဂျက် တိုက်လေယာဉ် မျိုးဆက်ဖြစ်ကာ တစ်နာရီ ကီလိုမီတာ ၂၁ဝဝ အထိပျံသန်း နိုင်သည်။ Su-35 မှ နည်းပညာများကို မျှဝေအသုံးပြု ထားသည့် က မျိုးဆက်ဖြစ်ကာ စွမ်းဆောင်ရည်ချင်း တူညီသည်ဟု ခန့်မှန်းခြင်း ခံထားရသည့် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။

ဗီယက်နမ်၌ အိန္ဒိယကဲ့သို့ပင် Su-30 ကို ၄င်း လေတပ်အတွက် အသုံးပြုနေပြီး လက်ရှိအစင်းရေ ၃၆ စင်းရှိသည်။ ထို့ပြင် အိန္ဒိယ အစိုးရသည် ဗီယက်နမ် အစိုးရနှင့် အမေရိကန် ဒေါ်လာသန်း ၅ဝဝ တန် ကာကွယ်ရေး သဘောတူ ညီချက် ကလည်း ရရှိထားပြန်သည်။ ယခင်က ကာကွယ်ရေး အတွက် တရုတ်ကိုသာ အာဆီယံက မှီခိုနေရ သော်လည်း ယခုတော့ အာဆီယံ ကာကွယ်ရေး ဈေးကွက်သည် အိန္ဒိယဘက်သို့ တစ်စတစ်စနှင့် ပြောင်းလဲလာ နေသည်။

ယခုအချိန်ထိ အိန္ဒိယစစ်တပ် သည် ရုရှားနိုင်ငံထုတ် Kilo Class ရေငုပ်သင်္ဘော များတွင် တာဝန် ထမ်းဆောင်ရန် ဗီယက်နမ် စစ်သည် ၅၅ဝ ကျော်ကို လေ့ကျင့်ပေးပြီး ဖြစ်သည်။ ထို့ပြင် ရေတပ်သင်္ဘော များကိုလည်း ဗီယက်နမ်သို့ ရောင်းချနိုင်ရေး အိန္ဒိယတို့ ဆွေးနွေး နေပြန်သည်။ ကာကွယ်ရေး ဘက်တွင် ဗီယက်နမ် ကဲ့သို့ တရုတ်ထက် ပိုပြီး အိန္ဒိယနှင့် ဆက်သွယ်ရန် မျက်စိကျ လာသည့် နိုင်ငံများမှာ အင်ဒိုနီးရှား နှင့် မလေးရှား တို့ဖြစ်သည်။

ထို့ပြင် အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု များသည် အာဆီယံထဲသို့ အလုံးအရင်းဖြင့် ဝင်လာပြန်သည်။ ဝန်ကြီးချုပ် မိုဒီ လက်ထက်ကျမှ အောင်မြင်စွာ ပြန်လည် အသက်သွင်း နိုင်ရန် ကြိုးစားလာ နေသည့် အရှေ့ကြည့် မူဝါဒကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ တရုတ်အတွက် အာဆီယံနိုင်ငံ များနှင့် ပဋိပက္ခ ဖြစ်နေချိန် စီးပွားရေး အရရော စစ်ရေး အရပါ အိန္ဒိယတို့ အချိန်ကိုက် ဝင်လာခဲ့သည်။

ယခု အိန္ဒိယကို အာရုံစိုက်သည့် အာဆီယံ နိုင်ငံများထဲတွင် ဗီယက်နမ်က စစ်ရေးအရရော စီးပွားရေးအရပါ အိန္ဒိယကိုမှီခိုရန် ရွေးချယ်ပြီး သလောက်ဖြစ် နေသည်။ စစ်ရေးအရ ကြည်း၊ ရေ၊ လေ ကဏ္ဍ များတွင် အိန္ဒိယနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး စီးပွားရေးအရ တွင်ပါ၂ဝ၂ဝ ပြည့်နှစ် အရောက် ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အထိရောက်ရန် မျှော်မှန်းထားသည်။

ယခုအချိန်ထိ အိန္ဒိယနှင့် ဗီယက်နမ်တို့ လက်မှတ်ရေးထိုး ထားသည့် သဘောတူညီမှု သည် ၁၂ ခုရှိပြီး အိန္ဒိယတို့ တည်ဆောက် ပေးမည့် အမေရိကန် ဒေါ်လာ ငါးသန်းတန် ဆော့ဖ်ဝဲလ် တက္ကသိုလ် အပါအဝင် ကာကွယ်ရေး မဟာဗျူဟာ မိတ်ဖက်အဖြစ် ပါ ရုရှား၊ တရုတ်တို့နှင့် တန်းတူ အိန္ဒိယကို ဗီယက်နမ်တို့ လက်ခံခြင်း ဖြစ်သည်။ အာကာသ အခန်းကဏ္ဍ တွင်လည်း ဗီယက်နမ်တို့ အိန္ဒိယ နည်းပညာများကို မျက်စိကျနေပြီး အာဆီယံ ၏ အမာခံ မဟာမိတ်အဖြစ် ဗီယက်နမ် သည် အိန္ဒိယအတွက် ရပ်တည်လာမည် ဖြစ်သည်။

မိုဒီ၏ စီးပွားရေးနှင့် စစ်ရေးသည် အာဆီယံတွင် အောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ နောက်ထပ်လည်း မိုဒီ အတွက် အမာခံ မဟာမိတ်များ အာဆီယံ ၌ ထပ်တိုးလာရန် အလားအလာများ ရှိနေသည်။ အိန္ဒိယတို့က အာဆီယံကို ကာကွယ်ရေးအရ အဓိက အခန်းကဏ္ဍတွင် အရေးပါဆုံးနိုင်ငံ ဖြစ်လိုသည့် ၄င်းတို့ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော် နေခြင်းဖြစ်သည်။

ယခု တာလတ်ပစ် ဒုံးကျည်ကဏ္ဍ ကို အိန္ဒိယ တို့ ဗီယက်နမ်နှင့် စတင်လိုက်ပြီး နောက်ထပ် တာဝေးပစ် ဒုံးကျည်ကဏ္ဍ တွင်လည်း အိန္ဒိယ တို့ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိလာတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment