Pages

Friday, January 20, 2017

ပြည်ပသို့ မြန်မာသင်္ဘောသားများ ပို့ဆောင်ပေးသည့် သင်္ဘောကုမ္ပဏီ ၁၅ ခုကို လိုင်စင်ပိတ်သိမ်း


ရန်ကုန် ၊ ၂၀-၁-၂၀၁၇

ပြည်ပသို့ မြန်မာ သင်္ဘောသားများ ပို့ဆောင်ပေးသည့် ကုမ္ပဏီ ၁၅ ခုသည် ၂ဝ၁၅ ခုနှစ် ဧပြီလမှ ၂ဝ၁၆ ခုနှစ် နှစ်ကုန်အထိ သတ်မှတ်စည်းကမ်း ချိုးဖောက်သည့် အတွက် လိုင်စင်ပိတ်သိမ်း အရေးယူ ထားကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့် ထံမှ သိရသည်။

ထိုသို့စည်းကမ်း ချိုးဖောက်ရာတွင် လေယာဉ်လက်မှတ် အတုပြုလုပ်သည့် ကုမ္ပဏီများ၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လက်မှတ်အတုများ ပြုလုပ်သည့် ကုမ္ပဏီများနှင့် ဥပဒေမဲ့ အခကြေးငွေ ရယူပြီး သင်္ဘောသား ပို့ဆောင်သည့် ကုမ္ပဏီများကို လိုင်စင်ပိတ်သိမ်း အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဌာနရဲ့လက်မှတ်နဲ့ လေယာဉ် လက်မှတ်အတုတွေ လုပ်ပြီးတော့ ဆောင်ရွက်တဲ့ ကုမ္ပဏီသုံးခု ကိုတော့ ထိရောက်စွာ အရေးယူတဲ့ အနေနဲ့ လိုင်စင်ပိတ်သိမ်း ခဲ့ပါတယ်။ နောက် ကုမ္ပဏီငါးခု ကတော့ ရုရှားသင်္ဘော နစ်မြုပ်မှုမှာ ပါဝင်ပြီး သင်္ဘောသား ၂ဝ ကျော် သေဆုံးမှုဖြစ်ခဲ့ တဲ့အတွက် အဲဒီကုမ္ပဏီ ငါးခုကိုလည်း လိုင်စင်ပိတ်သိမ်း ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ရုပ်သိမ်းတဲ့ ကုမ္ပဏီတွေက တော့ ကျွန်တော်တို့ ဌာနကို စာရွက်စာတမ်း လိမ်လည် တင်ပြခြင်းနဲ့ သင်္ဘောသား တွေနဲ့ ပတ်သက်ပြီး လျော်ကြေးပေးခြင်း မရှိတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်'' ဟု ဦးတိုးမြင့် က ပြောသည်။

သင်္ဘောကုမ္ပဏီများ အနေဖြင့် ၄င်းတို့ ပို့ဆောင်ပေးသည့် မြန်မာနိုင်ငံသား သင်္ဘောသားများကို ပြည်ပ သင်္ဘောသား ဈေးကွက်တွင် လစာနှုန်းထား တန်းတူရရှိရေးနှင့် သင်္ဘောသား တစ်ဦး၏ အခွင့်အရေး အပြည့်အဝ ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေး သင့်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment