Pages

Tuesday, January 3, 2017

သမိုင်းဝင် ရှေးဟောင်းမင်းလှခံတပ်ကြီး နှင့် မင်းလှမြို့မြောက်ရပ်ကွက် မြေထိန်းနံရံ တည်ဆောက်မှု မတ်လဒုတိယပတ်တွင် ပြီးစီးမည်



ရန်ကုန် ၊ ၃-၁-၂၀၁၇

မြန်မာနိုင်ငံ၏ သမိုင်းဝင် ရှေးဟောင်း မင်းလှခံတပ်ကြီးနှင့် မင်းလှမြို့ မြောက်ရပ်ကွက်၌ မြေထိန်းနံရံ တည်ဆောက်လျက် ရှိရာ မတ်လ ဒုတိယပတ် အတွင်း ပြီးစီးမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ ဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် ၂၉၆၂ သိန်းကျော် ကိုခွင့်ပြုရာ မြေထိန်းနံရံ ပေပေါင်း ၅၂ဝ အား ဒီဇင်ဘာ၂၅ ရက်မှစတင်၍ တည်ဆောက် ခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ ဟောင်းကြီး၏ ကမ်းပါးနံရံများ ကိုလည်း အင်္ဂလိပ်ခေတ်က အလျားပေ ၄ဝဝ၊ အနံပေ ၂ဝဝ ရှိ နံရံထိန်း ကျောက်သားများ တစ်ချပ်ချင်း ထောင်၍ စီတန်းကာ ထိန်းသိမ်းခဲ့ သော်လည်း လက်ရှိတွင် ရေတိုက်စား မှုကြောင့် ပျက်စီးသဖြင့် ထိန်းသိမ်းရေးကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

မင်းလှမြို့သို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လာရောက်စဉ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံမြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် မင်းလှခံတပ်ကြီး တည်ရှိသည့်နေရာ ဖြစ်သည့် အတွက် မဖြစ်မနေ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှုများ ရှိနေပြီး အဓိကအားဖြင့် သက်တမ်းနှစ် ၁ဝဝ ကျော်ရှိ အဆောက်အအုံ ဟောင်းနှင့် ကုက္ကိုပင် ကြီးများကို လာရောက် လေ့လာကြသည်။

အဆိုပါနေရာတွင် မြစ်ကမ်းပါး ပြိုမှုအတွင်း ပါဝင်လာနိုင် ခြင်းကြောင့် စိုးရိမ်ရသဖြင့် အမြန်ဆုံး ထိန်းသိမ်းပေးရန် ထပ်မံတင်ပြ ထားသည်ဟု တောင်ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးသောင်းလှိုင် ထံမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment