Pages

Tuesday, January 24, 2017

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ငံအလိုက် ဒုတိယနေရာရရှိ


ရန်ကုန် ၊ ၂၄-၁-၂၀၁၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည့် (၆)ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယမန်နေ့နံနက်ပိုင်း မှစ၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပရာ မြန်မာမြားပစ် အဖွဲ့က ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု ထပ်မံဆွတ်ခူး ရရှိသည်။

Mix-Team ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲ၏နောက်ဆုံး ပွဲစဉ်တွင် ရွှေတစ်ခု၊ ငွေတစ်ခု ရရှိခဲ့သည်။ Compound Mix-Team ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ရဲမင်းဆွေနှင့် အောင်ငှိမ်း တို့အတွဲမှာ ဖိလစ်ပိုင်အတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရယူ နိုင်ခဲ့သည်။

Recurve Mix-Team ပြိုင်ပွဲတွင် မြန်မာအသင်းမှ နေလင်းဦးနှင့် စန်းယုထွေး တို့အတွဲမှာ ဖိလစ်ပိုင်အတွဲကို ရှုံးနိမ့်ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းများမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခြင်း မရှိဘဲ ငွေတစ်ခု၊ ကြေးသုံးခုသာ ရရှိခဲ့သည်။ မြန်မာမြားပစ်အဖွဲ့ အတွက် Compound အမျိုးသား အသင်းက ငွေတံဆိပ်ရခဲ့ပြီး အမျိုးသမီး Compound အသင်း၊ Recurve အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်း တို့က ကြေးတစ်ခုစီ ရရှိခဲ့သည်။

အသင်းလိုက် ပြိုင်ပွဲတွင် ဖိလစ်ပိုင်အမျိုးသမီး အသင်းက Compound နှင့် Recurve ပြိုင်ပွဲနှစ်ခု စလုံးတွင် ရွှေတံဆိပ်ရခဲ့ပြီး Recurve ပြိုင်ပွဲတွင် မလေးရှား အမျိုးသားအသင်း၊ Compound ပြိုင်ပွဲတွင် စင်ကာပူ အမျိုးသား အသင်းတို့က ရွှေတံဆိပ်ရရှိ ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာမြားပစ် အသင်းသည် နိုင်ငံအလိုက် ဒုတိယနေရာ ရရှိခဲ့သည်။ ပြိုင်ပွဲအပြီး ဆုရရှိမှုတွင် ဖိလစ်ပိုင် က ရွှေခြောက်ခု၊ ငွေလေးခု၊ ကြေးနှစ်ခုဖြင့် ဗိုလ်စွဲခဲ့ပြီး မြန်မာက ရွှေနှစ်ခု၊ ငွေလေးခု၊ ကြေးခြောက်ခုဖြင့် ဒုတိယ၊ မလေးရှားက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် တတိယ၊ ဗီယက်နမ်က ရွှေနှစ်ခုဖြင့် စတုတ္ထ၊ ထိုင်း ကရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဖြင့် ပဉ္စမ၊ စင်ကာပူက ရွှေတစ်ခု၊ ငွေတစ်ခုဖြင့် ဆဋ္ဌမ၊ ဟောင်ကောင်က ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် သတ္တမနေရာတို့ ရရှိခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment