Pages

Friday, January 27, 2017

ဟိမ၀န္တာတောင်တန်းဒေသ ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၇

အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာန (ICIMOD) နှင့်ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ် တို့မြစ်ဖျားခံရာ ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ဘူတန်နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်နေသော ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံကို ယခုနှစ်တွင် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် တွင် စတင်မည် ဖြစ်ကာ ငါးနှစ်စီမံကိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါငါးနှစ် စီမံကိန်းတွင် တောင်တန်းဒေသ၌ နေထိုင်သည့် ဒေသခံများ လူမှုဘဝ ဖွံ့ဖြိုးရေး၊ ရေခဲအရည်ပျော်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ် များကို နည်းပညာဖြင့် ပူးပေါင်း အဖြေရှာရေးနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး အတွက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ယခုလအတွင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရေဝေရေလဲ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံက ဆွေးနွေးခဲ့သည်။

အဆိုပါလုပ်ငန်းများ အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ပူးပေါင်း အကောင်အထည် ဖော်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံရပါက ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment