Pages

Thursday, January 12, 2017

အင်းဝမြို့ရှိ နန်းမြင့်မျှော်စင်ကြီး ကို ပြန်လည်ပြုပြင်ပြီးသော်လည်း အပေါ်သို့ တက်ခွင့်ပြုတော့မည် မဟုတ်



တံတားဦး ၊ ၁၂-၁-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ငွေဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းထားပြီးသော အင်းဝမြို့ရှိ နန်းမြင့်မျှော်စင် ကြီးကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ပြီး သော်လည်း နန်းမြင့် မျှော်စင်ကြီး ရေရှည် တည်တံ့ရေး နှင့် လာရောက်ကြည့်ရှု လေ့လာကြသော ပြည်တွင်း၊ ပြည်ပခရီးသွား များ အန္တရာယ်ကင်း စေရန်အတွက် တက်ရောက် ကြည့်ရှုခွင့် ပြုတော့မည် မဟုတ်ကြောင်း အင်းဝ ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မျှော်စင်ကြီးက ၁၂ဝဝ ပြည့်နှစ် ငလျင်ကြောင့် ယိမ်းယိုင်သွား ခဲ့ပါတယ်။ ခုဆိုရင် နှစ်က တော်တော် ကြာပါပြီ။ ရှေးဟောင်း သုတေသန ဌာနက ပြုပြင် ထိန်းသိမ်းမှု များကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ ပါတယ်။ အခုလဲ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေနဲ့ ပြုပြင် ထိန်းသိမ်းခဲ့ ပါတယ်။ ဒါပေမဲ့ အရင်တုန်း ကလို မျှော်စင်ကြီးပေါ် တက်ရောက် ကြည့်ရှုခွင့်မပြု တော့ပါဘူး။ ဘာလို့လဲဆိုတော့  မျှော်စင်ကြီးရဲ့ သက်တမ်းက ရှည်ကြာလာတော့ ဧည့်သည်တွေ အများကြီး တက်ကြည့်တဲ့ အခါမှာ မျှော်စင်ကြီးရဲ့ ရေရှည် တည်တံ့မှုကို ထိခိုက် လာနိုင်ပါတယ်။ ဒါကြောင့် မျှော်စင်ကြီး ရေရှည်တည်တံ့ဖို့ အတွက် တက်ရောက် ကြည့်ရှုခွင့် ကိုမပြုတော့ပါ။ နောက်တစ်ခုက သက်တမ်းကြာပြီး ယိမ်းယိုင် နေတဲ့ မျှော်စင်ကြီးပေါ် တက်ကြည့်တဲ့ အခါ မျှော်စင် အဆောက်အအုံ ပိုင်းတွေမှာ မတော်တဆ ထိခိုက် ပျက်စီးမှုတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့်လဲ အပေါ်တက်ခွင့် မပြုတော့ တာပါ'' ဟု အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အင်းဝမြို့ရှိ နန်းမြင့်မျှော်စင် ကြီးသည် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် က တည်ဆောက် ခဲ့သော ကုန်းဘောင်ခေတ်လယ် လက်ရာ  မျှော်စင်ကြီး တစ်ခုဖြစ်သည်။ မျှော်စင်ကြီး ပေါ်သို့ တက်ရောက် ခွင့်မပြုသည့် ဆိုင်းဘုတ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေး၍ မျှော်စင်ကြီး ရှေ့တွင် ဆိုက်ထူ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment