Pages

Tuesday, January 10, 2017

ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင်မှိုများ ကြာရှည်အထားခံနိုင်ရန် နည်းပညာများ ပေးလျက်ရှိ



ရန်ကုန် ၊ ၁၀-၁-၂၀၁၇

မှိုများကြာရှည် အထားခံနိုင်ရန် နှင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ဈေးကောင်း ရနိုင်ရန် နည်းပညာများကို မှိုအစုအဖွဲ့မှ မှိုစိုက်ပျိုးသူ များထံသို့ ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင် နည်းပညာများ ပေးလျက်ရှိကြောင်း သိရသည်။

မှိုများမှာ အဖူးများသာ ဈေးကောင်းရရှိပြီး ပွင့်သွားပါက ဈေးနှုန်း မရှိသည့်အတွက် မှိုစိုက် တောင်သူများကို မှိုများကြာရှည် ခံရန် နည်းပညာ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''မှိုကို ကြာရှည် အထားခံအောင် မှိုဆီစိမ်တို့၊ မှိုချဉ်တို့ ဆားရေစိမ် ပုံစံမျိုးလေးတွေ လုပ်ပြီးတော့ တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ ပစ္စည်းလည်း ထိန်းတယ်။ နောက် ဒီအပေါ်မှာလည်း လုပ်အားခကို ပြန်အမြတ်ရတဲ့ ပုံစံနဲ့ လုပ်ပြတာပါ''ဟု မှိုအစုအဖွဲ့မှ ဈေးကွက် တာဝန်ခံ ဦးဉာဏ်လင်းထွန်း ကပြောသည်။

ထို့ပြင် မှိုများမှာ စတင် စိုက်ပျိုးချိန်မှ ကိုးရက်တွင် စတင်ဆွတ်ခူး နိုင်ပြီး ၁၅ ရက်ကြာပါက မှိုတစ်ပေါင် ပြီးစီးကြောင်း၊ မှိုများခူးပြီးပါက ဈေးကွက်သို့ အချိန်မီပေး ရကြောင်း၊ မှိုဖူး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ရရှိချိန်တွင် မှိုပွင့် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ ခန့်သာ ရရှိတတ်ကြောင်း သိရသည်။

''မှိုက ဈေးဆွဲပြီး ရောင်းလို့မရဘူး။ အချိန် ကြာလာတာနဲ့ အမျှ ရောင်းသူ လက်ထဲမှာ ပွင့်ရောပဲ။ အဲဒီပြဿနာ တွေရှိတော့ စိုက်သူနဲ့ရောင်းသူ ချိန်ကိုက်ပြီးတော့ အလုပ်လုပ် နေရတာ။ ဒီအချိန်မှာ စိုက်သူက ရောင်းရင်
ညပိုင်းမှာထဲက ပစ္စည်းကို ကုန်အောင်ရောင်း ကြတယ်။ မနက်လင်းပိုင်း မှိုထပ်ဝင်ရင် ၆ နာရီ ၇ နာရီမှာ အမြန်ကုန်အောင် ရောင်းကြ ရတယ်။ နေထွက် လာတာနဲ့ အမျှ မှိုက ပွင့်တယ်လေ'' ဟု ဦးဉာဏ်လင်းထွန်း က ပြောသည်။

အဆိုပါ တန်ဖိုးမြင့်ထုတ်ကုန် ကုန်ချော ပြုလုပ်သည့် နည်းပညာများ ပေးခြင်းဖြင့် ယင်းကုန်ချော များကို ဟိုတယ် လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများမှ လာရောက် ဝယ်ယူသွားပါက လက်ရှိ မှိုစိုက်ပျိုးသူများ ကြုံတွေ့ နေရသည့် အခက်အခဲများမှ ကင်းဝေး သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment