Pages

Thursday, January 5, 2017

ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ရောက်ပြီး သူများအပါအ၀င် လက်နက်များ ဖော်ထုတ်ဖမ်းဆီးရမိ


သိမ်းဆည်းရမိသည့် ဒေန္တရလုပ် လက်နက်များကို တွေ့ရစဉ်

ဖမ်းဆီးရမိ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ပြီးသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူ များသည် မောင်တောမြို့နယ် မှတစ်ဆင့် ဘူးသီးတောင် မြို့နယ်နှင့် အခြားနေရာများ သို့ပါ ထပ်မံ တိုက်ခိုက်ရန် လက်နက်ကိုင် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ခြင်း၊ လက်နက်၊ ခဲယမ်းများ စုဆောင်းခြင်း စသည့် ကြိုတင် သတင်းများ ရရှိခဲ့သည်။ အဆိုပါ သတင်းများအရ ဘူးသီးတောင် တပ်နယ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘူးသီးတောင်မြို့နယ် အတွင်း နိုဝင်ဘာလ ကတည်းက အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းလျက် ရှိရာ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မောင်ကြီးတောင် ကျေးရွာ ခန့်မှန်း မြေပုံညွှန်း (DU-၅၁၇ ၁၃၅) ၌ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူ ဘင်္ဂါလီ မာမက်ကာရက် (ဘ) အာမီဒိန်းနှင့် လက်နက်ကိုင် အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူ ကူမူရူး (ဘ) တာဟဲ၊ ဒီမာမွတ် (ဘ) ရှော်ဖီးရွန်း၊ မာဒူးလာ (ဘ) မာမောက်တို့ လေးဦးကို ဖမ်းဆီးရမိ ခဲ့သည်။ ဖမ်းဆီးရမိသူ များအား စစ်ကြောမေးမြန်း ဖော်ထုတ်ချက် အရ ကျေးရွာအနီး ကွမ်းခြံအတွင်း၌ ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ မြေကြီးအတွင်း မြှုပ်ဝှက်ထားသည့် ပြောင်းအချင်း ၁၈ မီလီမီတာခန့် ရှိသော ဒေသန္တရလုပ် ပြောင်းချော သေနတ် ၁၄ လက်ကို ထပ်မံ ဖော်ထုတ် သိမ်းဆည်းရမိ ခဲ့သည်။

ယခုအခါ နိုင်ငံတကာ သတင်းဌာနတချို့ နှင့် အင်တာနက် သတင်းစာမျက်နှာ များ၌ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide) အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာ မျိုးစုံဖြင့် သတင်းမှားများ ဖော်ပြလျက် ဝါဒဖြန့် လှုံ့ဆော်လျက် ရှိရာ ယခုဖြစ်စဉ်အရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ညှဉ်းပန်း နှိပ်စက်မှု သတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ဆူပူအကြမ်းဖက် တိုက်ခိုက်လိုသူ ဘင်္ဂါလီများကသာ ရခိုင်ပြည်နယ် အတွင်း ထပ်မံအကြမ်းဖက် တိုက်ခိုက်ရန်နှင့် မောင်တောမြို့နယ် အပြင် အခြားမြို့နယ် များသို့ပါ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ပြီး တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကိုသာမက ဒေသခံ ရခိုင်တိုင်းရင်းသား များကိုပါ ထပ်မံ တိုက်ခိုက်ရန် တိုးမြှင့်ကြံစည် လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ များနှင့် ပတ်သက်၍ ဆက်စပ်တရားခံ များနှင့် သတင်းဆက်များ ဖော်ထုတ် ရရှိနိုင်ရေး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment