Pages

Monday, December 5, 2016

ကွတ်ခိုင်မြို့အတွင်းသို့ KIA, TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် ၊ ဒေသခံပြည်သူနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ


ဗုံးစထိမှန်ဒဏ်ရာ ရရှိသူတစ်ဦးကို တွေ့ရစဉ်

ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုး ပျက်စီးနေသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသရှိ ကွတ်ခိုင်မြို့ အတွင်းသို့ KIA, TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် သုံးချက် လာရောက် ပစ်ခတ်ခဲ့ သဖြင့် အမှတ်(၅) ရပ်ကွက်အတွင်း ဗုံးသီး သုံးလုံးကျရောက် ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

ဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်သုံးလုံး၏ ခေါင်မိုးများ ပျက်စီးခဲ့ပြီး အိမ်အမှတ် (၃ဝ၉)၊ ဦးထွန်းပိုင် ၏ နေအိမ်ရှေ့တွင် ထိုင်နေသည့် မနှင်းနှင်းဆွေ နှင့် မတိုးတိုး တို့နှစ်ဦးသည် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးအနက် မနှင်းနှင်းဆွေ ၏ ဒဏ်ရာများမှာ ပြင်းထန်၍ စိုးရိမ်ရသဖြင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျက် ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းက နယ်မြေ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment