Pages

Sunday, December 18, 2016

မြန်မာ့တပ်မတ်ာယဉ်ကျေးမှု အနုပညာအဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် 
တပ်မတော်အရာရှိကြီးများက
 မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့အား ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၈-၁၂-၂၀၁၆

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက် ဖျော်ဖြေခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့ သည် ယမန်နေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် လေကြောင်းခရီးဖြင့် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ ဒုတိယစစ်သံမှူး Lt. Col. Latsamy KEOMIXAY နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဒီဇင်ဘာ ၁၃ ရက်တွင် လာအိုအမျိုးသား ကဇာတ်ရုံ၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယန်ကျင်းမြို့ အခြေစိုက် အမှတ်(၁၁) ခြေလျင် သံချပ်ကာတင် တပ်ရင်းကြီးရှိ ဖျော်ဖြေရေးခန်းမ ၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကိုမန်ဒန် စစ်တက္ကသိုလ် ဖျော်ဖြေရေးခန်းမ ၌ လည်းကောင်း ဖျော်ဖြေရေး အစီအစဉ်များဖြင့် အသီးသီး တင်ဆက်ကပြ ခဲ့ရာ လာအိုအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Lt. Gen. Chansamone Chanyalath နှင့် တာဝန်ရှိသူများ၊ လာအိုပြည်သူ့ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး/ စစ်သံရုံးမှ မိသားစုဝင်များ၊ လာအိုနိုင်ငံ ဆိုင်ရာ နိုင်ငံခြား စစ်သံမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေး ကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ သည် ဒီဇင်ဘာ ၁၆ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် လာအိုနိုင်ငံ၊ လာအိုအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံရေးဌာန ဒုတိယ အကြီးအကဲ Brig-Gen. Vantong Kongmany နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထပ်လွမ် စေတီတော်၊ ပတ်တူဆိုင်း အောင်မြင်ရေးမုခ်ဦး၊ ဝပ်ဆီစကပ် ဘုရားကျောင်းနှင့် မြဘုရားကျောင်း များသို့ လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ဗီယန်ကျင်း မြို့ရှိ စစ်သမိုင်းပြတိုက်နှင့် နံနက်ခင်းဈေး (Morning Market) သို့လည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment