Pages

Thursday, December 1, 2016

လက်မှုပညာ အိုးလုပ်ငန်းကို နိုင်ငံခြားသားများ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ



င့ါသရောက် ၊ ၁-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ငါ့သရောက်မြို့နယ် အမှတ်(၃) တောင်ကုန်း ရပ်ကွက်မှ ဒေသခံ ပြည်သူများ မိရိုးဖလာ လုပ်ကိုင်နေ သည့် လက်မှုပညာ အိုးလုပ်ငန်း လုပ်ကိုင်ရာသို့ ယမန်နေ့ နံနက်ပိုင်းက ပိုလန်နိုင်ငံမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂၇ ဦးခန့် စိတ်ဝင်တစား လာရောက်ကြပြီး ဒေသခံပြည်သူ များ၏ အိုးလုပ်ငန်း ဆောင်ရွက်နေမှု များကို လေ့လာခဲ့ကြောင်း ငါ့သရောက်မြို့၊ အမှတ်(၃) ရပ်ကွက် အိုးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

''ကျွန်တော်တို့ ငါ့သရောက်မြို့၊ အမှတ်(၃) ရပ်ကွက်ဟာ အိမ်ခြေ ၁၃ဝ လောက် ရှိပါတယ်။ တစ်ရပ်ကွက်လုံး နီးပါး အိုးလုပ်ငန်း အနေနဲ့ အစဉ်အဆက် မိရိုးဖလာ လုပ်ငန်းတစ်ခု အနေနဲ့ လုပ်ကိုင်နေ ကြပါတယ်။ အခုလို ရာသီချိန် ဆိုရင် ကျွန်တော်တို့ အိုးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို နိုင်ငံခြားသား ခရီးသွားဧည့်သည် တွေ မကြာခဏ လာရောက် လေ့လာ ကြပါတယ်''ဟု ငါ့သရောက်မြို့ အမှတ်(၃) ရပ်ကွက်မှ အိုးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံ တစ်ဦးက ပြောပြသည်။

''ဒီနေ့လာတဲ့ အဖွဲ့ကတော့ ပိုလန်နိုင်ငံ က ဖြစ်ပါတယ်။ လူ ၂၇ ယောက်လောက် ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က အိုးလုပ်ငန်းကို လာတဲ့ နိုင်ငံခြားသား တွေက ရောင်းတမ်းဝင် အိုးတစ်လုံးရဲ့ ဆောင်ရွက်ရမှု အဆင့်ဆင့်ကို ကြည့်ပါတယ်။ ပြီးရင် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြ ပါတယ်။ တစ်ခါတလေမှာ သူတို့ သိချင်တာတွေ ရှိရင် မေးမြန်းတာတွေ လုပ်ပါတယ်။ ဒီနေ့လာတဲ့ နိုင်ငံခြားသား တွေကတော့ ရပ်ကွက်အတွင်း အိုးလုပ်တဲ့ အိမ်တွေမှာ အိုးထားသိုမှု အခြေအနေတွေကို မှတ်တမ်း ဓာတ်ပုံရိုက်ပြီး ပြန်သွားကြ တာပါ။ ကျွန်တော်တို့ ရပ်ကွက် က အိုးလုပ်တဲ့ သူတွေက မြေပဲ ဖော်ချိန်ဖြစ်လို့ ဒီနေ့အိုးလုပ်ငန်း မလုပ်ဖြစ်ကြ ပါဘူး။ ဒါကြောင့် သူတို့အဖွဲ့တွေ အိမ်တွေမှာ ရှိတဲ့ အိုးတွေ ဓာတ်ပုံရိုက်ပြီး ပုဂံညောင်ဦးကို ပြန်သွားကြ ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment