Pages

Tuesday, December 27, 2016

ခရီးသွားလုပ်ငန်းဖွံ့ဖြိုး လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာဆိုးကျိုးများ တွေ့ကြုံလာနိုင်



မြိတ် ၊ ၂၇-၁၂-၂၀၁၆

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တနင်္သာရီတိုင်း ဒေသကြီးရှိ ကျွန်းများသို့ လူအရောက် အပေါက် များပြားလာပြီး အညစ်အကြေးများ စွန့်ပစ်ခြင်းနှင့် ကမ်းခြေရှိ သဲများကို ထုတ်ယူခြင်း တို့ကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဆိုးကျိုးများ တွေ့ကြုံနိုင်ခြေ ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရ စ္ဆာန် နှင့် သဘာဝအပင်များ အဖွဲ့ (FFI) မှ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

''အဏ္ဏဝါ ခရီးသွား လုပ်ငန်းတွေက အကောင်းပကတိ ရှိနေတဲ့ ဂေဟစနစ်ပေါ် မူတည်ပြီး အဏ္ဏဝါရေပြင် ထိန်းသိမ်းရေးရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်မြောက်ဖို့ ဆိုရင် ခရီးသွားလုပ်ငန်း လည်ပတ်မှု အတွက် လုပ်ကိုင်ခွင့်နဲ့ လိုင်စင်တွေက ရလာတဲ့ဝင်ငွေ တချို့ကို ဒေသအတွင်း ပြန်လည် အသုံးချပြီး အဏ္ဏဝါရေပြင် ထိန်းသိမ်းရေး လုပ်ငန်းမှာ ခွဲဝေအသုံးချ သင့်ပါတယ်'' ဟု နိုင်ငံတကာ သားငှက်တိရ စ္ဆာန် နှင့် အပင်များ လေ့လာရေး အဖွဲ့ (FFI) မှ မြန်မာနိုင်ငံ အစီအစဉ် ဒါရိုက်တာ ဖရန့်မွန်းဘတ် က ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝ မပျက် တည်ရှိနေသေးသည့် ကမ်းခြေများ၊ ဆလုံလူမျိုး တို့၏ ယဉ်ကျေးမှုများ နှင့် ထင်ရှားသော ရေအောက် သန္တာကျောက်တန်း များကြောင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စား နေပြီး လက်ရှိတွင် ဟိုတယ် ၄၇ လုံးနှင့် ဆောက်လုပ်ရန် စီစဉ်ထားသော ဟိုတယ်နှင့် အပန်းဖြေရိပ်သာ ၃၉ ခုရှိကြောင်း သိရသည်။

ထို့ပြင် သဲတူးဖော်ခြင်း၊ ဒီရေတောများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဗုံးခွဲ၍ ငါးဖမ်းခြင်းနှင့် ကမ်းနီးရေပြင် များ၌ တရွတ်ဆွဲ ပိုက်ဖြင့် ငါးဖမ်းခြင်းများကို ဆက်လက် မလုပ်ဆောင် ကြရန်နှင့် ဒေသခံများအား ပံ့ပိုးရန် လိုအပ်ချက်များ ရှိနေသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ကပြောသည်။

တနင်္သာရီတိုင်း ဒေသကြီးရှိ ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ FFI နှင့် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) တို့ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု များ၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုများကို ဖော်ထုတ်ခြင်း၊ ဒေသခံများ ပါဝင်သော တိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်သင့်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက ထောက်ပြကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment