Pages

Friday, December 2, 2016

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း


စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၉/၂၀၁၆
၁၃၇၈ ခုနှစ် ၊ နတ်တော်လဆန်း ၂ ရက်
( ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက် )

၁။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံ အခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန်အတွက် "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့သည်။ "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • ဦးမြင့်ဆွေ ၊ ဒုတိယသမ္မတ(၁) ( ဥက္ကဋ္ဌ )
  • ဦးအောင်ကြည် ၊ အငြိမ်းစား၊ ပြည်ထောင်စုဝန်ကြီး (အဖွဲ့ဝင်)
  • ဦးထွန်းမြတ် ၊ အငြိမ်းစား၊ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် (အဖွဲ့ဝင်)
  • ဒေါက်တာသက်သက်ဇင် ၊ ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၊ အဖွဲ့ဝင်
  • ဒေါက်တာအောင်ထွန်းသက် ၊ အငြိမ်းစား၊ ကုလသမဂ္ဂအကြီးတန်းအကြံပေး (အဖွဲ့ဝင်)
  • ဦးညွန့်ဆွေ ၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (အဖွဲ့ဝင်)
  • ဦးစောသလေးစော ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အဖွဲ့ဝင်)
  • ဒေါ်ကျိန်ငိုက်မန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (အဖွဲ့ဝင်)
  • ရဲချုပ်ဇော်ဝင်း ၊ ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အဖွဲ့ဝင်)
  • ဦးအောင်နိုင် ၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး (အဖွဲ့ဝင်)
  • ဒေါက်တာလှမောင် ၊ သံအမတ်ကြီး(အငြိမ်းစား) နာယက၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့  (အဖွဲ့ဝင်)
  • ဦးသာဉာဏ် ၊ အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်း (အဖွဲ့ဝင်)
  • ဦးဇော်မြင့်ဖေ ၊ အဖွဲ့ဝင်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ ၊ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် (အတွင်းရေးမှူး)

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက် စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး အတွက် လေ့လာစိစစ်ပြီး သုံးသပ်ချက်၊အကြံပြုချက်နှင့် အတူ အစီရင်ခံ တင်ပြရန် ဖြစ်ပါသည်-
  •  မောင်တောဒေသ၌ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှု များဖြစ်ပွားခဲ့သည့် နောက်ခံအခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ၊
  • အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အခြားထိခိုက်မှုများ၊
  • ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊
  • နယ်မြေရှင်းလင်း စိုးမိုးရေး ဆောင်ရွက်ချက်များ အပေါ် ပြင်ပမှစွပ်စွဲချက်များ မှန်ကန်မှုရှိ၊မရှိ၊
  • ပည်သူများ၏လုံခြုံရေးနှင့် အခြေခံအခွင့်အရေး များအား အာမခံချက် ပေးနိုင်ရေး၊
  • ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊
  • စုံစမ်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံ၍ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် များကို နိုင်ငံတော်သမ္မတရုံး နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့် အပြင် လိုအပ်သော လူပုဂ္ဂိုလ်များကို ခေါ်ယူ မေးမြန်းခြင်း၊ စာရွက်စာတမ်းများ တောင်းယူခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့် ရှိသည်။

၅။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment