Pages

Thursday, December 22, 2016

မြန်မာ့အာမခံလုပ်ငန်းက သင်္ဘောသား အသက်အာမခံကို ယူနစ်တိုးပြီး ရောင်းချမည်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၆

အာမခံလုပ်ငန်း များတွင် ကျန်းမာရေး အာမခံနှင့် ရိုးရိုး အသက်အာမခံ များကို ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးသော်လည်း သင်္ဘောသား အသက်အာမခံ ဝယ်ယူမှုများပြားလျက် ရှိကြောင်း သိရသည်။

သင်္ဘောသား အသက်အာမခံ ဝယ်ယူသူများ၏ တောင်းဆိုမှုကြောင့် ယူနစ်ထပ်မံတိုးကာ ဝယ်ယူခွင့်ရရှိရန် မြန်မာ့အာမခံ လုပ်ငန်းက ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း ထံမှ သိရသည်။

''အရင်က သင်္ဘောသားတစ်ဦးကို တစ်ယူနစ်ပဲ ဝယ်ယူခွင့်ရှိပါတယ်။ လက်ရှိမှာ တစ်ဦးကို လေးယူနစ်အထိ ဝယ်ယူလို့ ရအောင် တင်ပြထားပါတယ်။ မကြာမီ ရောင်းချခွင့် ကျလာတော့မှာပါ။ ယူနစ်တွေ ထပ်တိုးပြီး ဝယ်ယူလို့ ရတာကြောင့် လျော်ကြေးငွေ ရရှိတဲ့အခါမှာလည်း ပမာဏတိုးပြီး ရရှိလာမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမင်းသိန်း ကပြောသည်။ 

အဆိုပါသင်္ဘောသား အသက်အာမခံမှာ လက်ရှိတွင် တစ်ယူနစ်လျှင် ငွေကျပ် ၂၅ဝဝဝ ပေးရပြီး အသက်သေဆုံး သွားပါက အာမခံ လျော်ကြေးအဖြစ် ငွေကျပ် သိန်း ၅ဝ ရရှိကာ လက်ရှိ ယူနစ်တိုးပါက လေးယူနစ်လျှင် ငွေကျပ်တစ်သိန်းဖြင့် ဝယ်ယူရမည် ဖြစ်ကာ အာမခံ လျော်ကြေးငွေ အဖြစ် ငွေကျပ် သိန်း ၂ဝဝ ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံ လုပ်ငန်းသည် အဆိုပါ သင်္ဘောသား အသက်အာမခံ အား ယူနစ်တိုးပြီး ရောင်းချမည့် အစီအစဉ်ကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားရန် စီစဉ် ထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၏ နောက်ပိုင်း ကာလများတွင် မြန်မာ့အာမခံ လုပ်ငန်းမှ တောင်းဆိုမှု ရှိသည့် အာမခံ အမျိုးအစားများကို ယူနစ်များတိုးပြီး ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment