Pages

Wednesday, December 21, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်


ရန်ကုန် ၊ ၂၁-၁၂-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံးဖြစ်ပြီး ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ် နှစ်စမှ ဒီဇင်ဘာ ၁၇ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခု ဝင်ရောက်ခဲ့ရာ ဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၇ ရာခိုင်နှုန်းကျော် ရှိ၍ ထိပ်ဆုံးမှ ရပ်တည်နေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် ဆက်သွယ်ရေး ကဏ္ဍမှ ၄၇ ဒသမ ဝ၇ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း ကဏ္ဍမှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ ၂ ဒသမ ၈၁ ရာခိုင်နှုန်း၊ အိမ်ရာနှင့် အဆောက်အအုံ ကဏ္ဍမှ ၃ ဒသမ ဝ၃ ရာခိုင်နှုန်း၊ တခြား ဝန်ဆောင်မှုကဏ္ဍမှ ၂ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ဝင်ရောက် လာကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး အဖြစ် တရုတ်နိုင်ငံ၊ တတိယအနေဖြင့် ဟောင်ကောင်၊ စတုတ္ထ အနေဖြင့် ထိုင်းနိုင်ငံနှင့် ပဉ္စမမြောက် နိုင်ငံအဖြစ် ဂျပန်နိုင်ငံ တို့က ရင်းနှီးမြှုပ်နှံ ခဲ့သည်။

ပြည်တွင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အားကောင်း လာစေရန် ယခုအခါ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ထုတ်ပြန်ထားပြီး ရင်းနှီးမြှုပ်နှံသူ များအတွက် ပိုမိုကောင်းမွန်သည့် ကဏ္ဍများ ပါဝင်စေရန် နည်းဥပဒေနှင့် ပြဋ္ဌာန်းချက် များကို ဆက်လက် ရေးဆွဲလျက် ရှိသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အထိသာ ရရှိထားသည့် အပြင် ရင်းနှီးမြှုပ်နှံမှု အတွက် အဆိုပြုလွှာ ၅၂ စောင်ကိုလည်း ထပ်မံရရှိထားပြီး ဖြစ်သည်။ ယင်း အဆိုပြုလွှာ များကို ယခုဘဏ္ဍာနှစ်၏ ကျန်ရှိကာလတွင် အပြီးသတ် ဆောင်ရွက်နိုင် ပါက အမေရိကန် ဒေါ်လာ ၃ ဘီလီယံနီးပါး ထပ်မံရရှိလျှင် လက်ရှိရရှိ ထားသည့် ၃ ဒသမ ၆ ဘီလီယံနှင့် ပေါင်းပါက ၆ ဒသမ ၆ ဘီလီယံ အထိရရှိမည် ဖြစ်သောကြောင့် လျာထားချက် ပြည့်မီကြောင်း ဦးအောင်နိုင်ဦး က သုံးသပ် ပြောကြားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment