Pages

Wednesday, November 2, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Admiral Sun Jian Guo နှင့် တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Admiral Sun Jian Guo တို့ ညစာစားပွဲ တက်ရောက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
 မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Admiral Sun Jian Guo တည်ခင်း ဧည့်ခံသည့် ညစာစားပွဲ တက်ရောက်စဉ်

နေပြည်တော် ၊ ၂-၁၁-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ် တွင် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် တွေ့ဆုံ ဆွေးနွေးသည်။

ဦးစွာ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် Gen. Xu Qiliang တို့သည် အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ထို့နောက် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၏ ဧည့်ခန်း၌ တွေ့ဆုံ ဆွေးနွေးကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် တင့်စန်းတို့ တက်ရောက်ကြပြီး Gen. Xu Qiliang နှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် Admiral Sun Jian Guo နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများ ဖြစ်ကြောင်း၊ ပြည်သူလူထုကို အခြေခံပြီး နိုင်ငံချင်း၊ အစိုးရချင်း၊ ပါတီချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး များမြှင့်တင် နိုင်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား တွင်လည်း ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း၊ နယ်ပယ်အားလုံး ကျယ်ပြန့်စွာ ထိတွေ့ ဆက်ဆံခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု ပူးပေါင်း ဆောင်ရွက်မှု အတွက် ''အား'' တစ်ခုကို ရရှိစေနိုင် ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် Gen. Xu Qiliang က မိမိတို့နှစ်နိုင်ငံ ပြည်သူလူထု အကြားတွင် နှစ်ပေါင်း ၂ဝဝဝ ကျော်ကြာမြင့် ခဲ့ပြီဖြစ်သည့် နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ကို အခြေခံပြီး အနာဂတ်တွင် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြားတွင် နယ်ပယ်များ ပိုမိုကျယ်ပြန့်စွာ တိုးမြှင့် ဆက်ဆံရန် သဘောတူ ပါကြောင်း၊ တပ်မတော် နှစ်ရပ်အကြား အောက်ခြေ အဆင့်အထိ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခြင်း၊ တွေ့ရှိချက် များကို မြန်မြန်ဆန်ဆန် တင်ပြခြင်းတို့ဖြင့် အောင်မြင်မှု ရလဒ်ကောင်းများကို ရရှိနိုင်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံနယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူ လူထု လူနေမှုဘဝ မြှင့်တင်ရေး ဆိုင်ရာများ၊ တပ်မတော်နှစ်ရပ် အကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များနှင့် အဆင့်အလိုက် အပြန်အလှန် တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး စသည်ဖြင့် နယ်ပယ်စုံတွင် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

ယင်းနောက် ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။ ဦးစွာ Gen. Xu Qiliang က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက် လာသူများ အတူတကွ ညစာသုံးဆောင် ကြပြီး ညစာ သုံးဆောင်နေစဉ် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ နိုင်ငံရေးဌာနမှ ဖျော်ဖြေရေး အဖွဲ့များက အဆို၊အကများဖြင့် ဖျော်ဖြေဧည့်ခံ ကြသည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Gen. Xu Qiliang တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖျော်ဖြေရေး အဖွဲ့အား ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment