ကိုကိုလှိုင်
၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် မထင်မှတ်ဘဲ အနိုင်ရရှိသွား ခဲ့လေပြီ။
ရွေးကောက်ပွဲကား အကြိတ်အနယ် ရှိလှသည်။ အမေရိကန်၌ ပြည်နယ် ၅ဝ ရှိသည့်အနက် ပြည်နယ် ၄ဝ ခန့်၏ ရလဒ်များ ထွက်ပေါ် လာသည့်တိုင် နောက်ဆုံး အဖြေအတွက် မရေရာလှဘဲ စိုးတထိတ်ထိတ် ဖြစ်နေကြရဆဲ။ ၄၅ ပြည်နယ် သို့ရောက်သော အခါတွင်မှ အဖြေက တိတိပပ ပေါ်လာသည်။ ထရမ့်ပ်က ၂၇၅ မဲ၊ ကလင်တန်က ၂၁၈ မဲ။ လူဦးရေအလိုက် မဲအရေအတွက် က များစွာ မကွာလှ။ ဒေါ်နယ်ထရမ့်ပ်က ၄၇ ဒသမ ၉ ရာခိုင်နှုန်း နှင့် ဟီလာရီ ကလင်တန်က ၄၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ရှိနေရာ ထရမ့်ပ်က သုည ဒသမ ၆ ရာခိုင်နှုန်းမျှဖြင့် ဦးဆောင် ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန် ပြည်နယ်များ၏ သမ္မတ ရွေးကောက်ရေး အဖွဲ့ ဦးရေခွဲတမ်း များမှာ နိုင်သူအကုန်ယူ "Winner Takes All" ပုံစံဖြစ်၍ ဤမျှ ကွာခြားသွား ရခြင်းဖြစ်သည်။ သမ္မတ ရွေးကောက်ရေး အဖွဲ့ ဦးရေ စုစုပေါင်း ၅၃၈ မဲ၏ ထက်ဝက်ကျော် မဲ၂၇ဝ ရရှိသူက အနိုင်ရမည် ဖြစ်ရာ နိုင်သူအကုန်ယူ စတမ်းမူအရ ထရမ့်ပ်က လူဦးရေ အလိုက်မဲတွင် မကွာလှသော်လည်း ပြည်နယ်အလိုက် သမ္မတ ရွေးကောက်ရေး အဖွဲ့ဝင် မဲအရေအတွက် တွင် မဲ ၂၇ဝ ကျော် ပြည့်သွားကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ပထမဦးစွာ ယခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ ထူးခြားချက် တချို့ကို တင်ပြ လိုပါသည်။ ပထမအချက်မှာ ယခုနှစ် ရွေးကောက်ပွဲသည် အမေရိကန် နိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းတွင် ရုတ်ရုတ်သဲသဲ အဖြစ်ဆုံး ရွေးကောက်ပွဲ တစ်ခုဖြစ်ခြင်းပင်။
ရီပတ်ဘလစ်ကန် ပါတီမှ ဒေါ်နယ်ထရမ့်ပ် နှင့် ဒီမိုကရက်တစ် ပါတီမှ ဟီလာရီကလင်တန် တို့မှာ ယင်းတို့၏ သက်ဆိုင်ရာပါတီ တွင် ရွေးကောက်ပွဲ များကို သက်သောင့်သက်သာ ဖြတ်သန်းအနိုင်ရ ခဲ့ကြသော်လည်း နှစ်ဦးစလုံးမှာ ခြောက်ပြစ်ကင်း သဲလဲစင် စံပြနမူနာ ယူရလောက်သူများ မဟုတ်ကြပေ။ ဒေါ်နယ်ထရမ့်ပ် သည် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးတစ်ဦး ဖြစ်သော်လည်း အမေရိကန် နိုင်ငံရေးလောက သို့ ခြေတစ်လှမ်းမျှ ချဖူးသည်မဟုတ်။ ထို့ကြောင့် နိုင်ငံရေး အတွေ့အကြုံမရှိ။ မိမိ ထင်မြင်သည့် အတိုင်းပင် ခပ်ကြမ်းကြမ်း နေတတ်၊ ပြောတတ်သည့် စရိုက်ကြောင့် ထရမ့်ပ်တွင် သမ္မတတစ်ဦး ၌ ရှိသင့် ရှိထိုက်သည့် အရည်အချင်း မရှိဟု သူ့ကို မထောက်ခံသူ များက ယူဆကြသည်။
ဟီလာရီ ကလင်တန်မှာ သမ္မတကတော်၊ အထက်လွှတ်တော် အမတ်၊ နိုင်ငံခြားရေး ဝန်ကြီး ဟူသည့် အတွေ့အကြုံ များကြောင့် သမ္မတ အရည်အချင်း နှင့် ထိုက်တန်သူဟု ရှုမြင်ကြ သော်လည်း သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ သံသယပွားခြင်း ခံရပြန်သည်။ ဟီလာရီသည် ကိုယ်ပိုင် ကွန်ပျူတာ ဆာဗာ မှ နိုင်ငံအတွက် ထိပ်တန်းလျှို့ဝှက် ကိစ္စများ ပါဝင်သော အီးမေးလ်များ ပေးပို့ခဲ့သည်။ ယင်းကို ဗဟိုစုံစမ်းရေး ဗျူရိုက ပေါ့လျော့မှု ဟုသာ ကောက်ချက်ချ ခဲ့ပြီး ရှေ့နေချုပ်ရုံး ကလည်း စွဲချက်မတင်ခဲ့။ သို့သော် ယင်းကိစ္စကြောင့် နိုင်ငံရေးအရ ထိခိုက်မှု ရှိခဲ့သည်။ ရွေးကောက်ပွဲ နီးချိန်တွင် ဟီလာရီက မတင်ပြဘဲ ထိမ်ချန်ထားသော အီးမေးလ်ပေါင်း များစွာ ရှိနေသည်ကို ဖော်ထုတ်ခဲ့ ရပြန်သည်။ ဤတစ်ကြိမ် တွင်လည်း သူ့ကိုစွဲချက် မတင်ခဲ့ပြန်ပေ။ ထို့ပြင် ကလင်တန်တို့ ဇနီးမောင်နှံ ထူထောင်ထားသော ကလင်တန် ဖောင်ဒေးရှင်း မှာလည်း အလှူငွေများများ ထည့်ဝင်သူ အား (ထိုစဉ်က) နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ နှင့် တွေ့ခွင့်ရအောင် အခွင့်ထူး ဖန်တီးပေး ခဲ့သည်ဟူသော စွဲချက်များဖြင့် နာမည်ပျက် ခဲ့သည်။ ဤသို့ နှစ်ဦးနှစ်ဖက် အားနည်းချက် များကြောင့် ယခုနှစ် ရွေးကောက်ပွဲမှာ မည်သူ အတော်ဆုံး ဆိုသည်ကို ရွေးရမည်ထက် မည်သူအညံ့ဆုံး ဆိုသည်ကိုသာ ရွေးရမည့်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။
သမ္မတ ရွေးကောက်ပွဲ အကြိုမဲဆွယ်ပွဲ များတွင်လည်းကောင်း၊ သမ္မတလောင်း နှစ်ဦး စကားစစ်ထိုးပွဲ များတွင် လည်းကောင်း တစ်ဦးနှင့်တစ်ဦး ငယ်ကျိုးငယ်နာများ ထုတ်ဖော် အပုပ်ချ၍ ပုတ်ခတ်ပြောဆို ကြသည့်အတွက် အတော်ပင် ရုပ်ပျက်ခဲ့သကဲ့သို့ အထူးသဖြင့် ထရမ့်ပ်၏ နိုင်ငံရေး မဲဆွယ်လူထု စည်းဝေးပွဲများတွင် ကိုယ်ထိ လက်ရောက် နှောင့်ယှက်သူများ ရှိသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
ဒုတိယအချက်မှာ ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၏ ရလဒ်အပေါ် သုံးသပ်ချက် တချို့ကို တင်ပြလိုပါသည်။ စင်စစ် ယခုနှစ် သမ္မတ ရွေးကောက်ပွဲ သည် ရီပတ်ဘလစ်ကန် ပါတီနှင့် ဒီမိုကရက်တစ် ပါတီတို့၏ နှစ်ပါတီ အားပြိုင်ပွဲ မဟုတ်။ အများကြိုက် နိုင်ငံရေး (Popular Politics) နှင့် အစဉ်အလာ ရေပေါ်ဆီနိုင်ငံရေး (Traditional Political Elitism) တို့၏ အားပြိုင်မှုဖြစ်သည်။ ယင်းမှာ အမေရိကန် နိုင်ငံရေးတွင် သာမဟုတ်၊ ကမ္ဘာ့နိုင်ငံရေး တွင်ပါ မြင်တွေ့နေရသော အပြောင်းအလဲ တစ်ခုဖြစ်သည်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ခွဲထွက်သွားသော Brexit လှုပ်ရှားမှု၊ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် နှုတ်ထွက်စရိုက် ခပ်ကြမ်းကြမ်း ပြုမူပြောဆို တတ်သော သမ္မတ ဒူတာတေ ရွေးကောက်ခံရမှု တို့က ဤအချက်ကို ဖော်ညွှန်းနေသည်။ ဤ အပြောင်းအလဲ ကြောင့်ပင် လူသစ်တန်းမှ တက်၍ စိန်ခေါ်သူ ဒေါ်နယ်ထရမ့်ပ် က ဝါရင့်သမ္ဘာရင့် ဟီလာရီ ကလင်တန် ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။
တတိယအချက်မှာ ဒေါ်နယ်ထရမ့်ပ် အနိုင်ရရှိ မှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် အလားအလာတချို့ကို ခန့်မှန်းတင်ပြ လိုခြင်းဖြစ်သည်။ အမေရိကန် ပြည်တွင်း နိုင်ငံရေးတွင် ရီပတ်ဘလစ်ကန် တို့က သမ္မတ၊ ရှင်ကြီးများ အပေါ် အခွန်လျှော့ချ ပေးမည်ဆိုသည့် အတွက် လုပ်ငန်းရှင်များ သဘောကျဖွယ် ရှိသည်။ နိုင်ငံတကာနှင့် ပတ်သက်၍ ထရမ့်ပ်၏ မူဝါဒမှာ ပြည်ပ၌ ငွေကြေးနှင့် စစ်အင်အားသုံး စွက်ဖက်မှု များကို လျှော့ချပြီး ပြည်တွင်း စီးပွားရေးကိုသာ ဦးစားပေး လိုသည့် အတွင်းမျှော်မူဝါဒ (Inward Looking Policy) ကြောင့် လက်ရှိ အမေရိကန် ပါဝင် ပတ်သက်နေသော ပဋိပက္ခနှင့် တင်းမာမှု နေရာများတွင် တင်းမာမှု လျော့ကျသွား နိုင်သည်။ သို့သော် ထိုဒေသများရှိ (ဥပမာအရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှ-ပစိဖိတ်) အမေရိကန်၏ အစဉ်အလာ မဟာမိတ်နိုင်ငံများ အတွက်တော့ လုံခြုံရေး နှင့် ကာကွယ်ရေး အတွက် ကိုယ့်ကိုယ်ကိုယ် ပို၍ အားပြုလာရဖွယ် ရှိပြီး စိုးရိမ်မှုများ ပေါ်ပေါက်လာ နိုင်သည်။ အမေရိကန် စစ်လက်နက် ထုတ်လုပ်ရေး လုပ်ငန်းကြီးများ အတွက်လည်း ထရမ့်ပ်၏ မူဝါဒက ငှက်ဆိုး ထိုးသံသဖွယ် ဖြစ်နေဖွယ် ရှိသည်။ နိုင်ငံတကာ စီးပွားရေး ကုန်သွယ်မှုတွင် ထရမ့်ပ်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကြောင့် အငြင်းပွားရ မှုများ တိုးပွားလာ ရဖွယ်ရှိသည်။
အထူးသဖြင့် အဓိက ကုန်သွယ်ဖက် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာဖွယ်ရှိသည်။ နိုင်ငံတကာမှ အမေရိကန်သို့ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လိုသူ များအတွက် တင်းကျပ်မှု များနှင့် ပိုမိုရင်ဆိုင် ရဖွယ်ရှိသည်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်းနှင့် ပတ်သက်၍ ပိုမိုတင်းကျပ် လာဖွယ်ရှိသည်။ ခြုံ၍ သုံးသပ်ရပါလျှင် ထရမ့်ပ်ချပြ ခဲ့သော မူဝါဒများအရ အမေရိကန် နိုင်ငံသည် တစ်ခုတည်း သော မဟာ အင်အားကြီး အဖြစ် ကမ္ဘာကို ဧကမဏ္ဍိုင် (Unipolar) ပုံစံဖြင့် လွှမ်းမိုးခြယ်လှယ် လိုသည့် အနေအထားမှ နောက်သို့ ပြန်လှည့်ကာ အတွင်းမျှော် မူဝါဒ ဘက်သို့ လားရာ ပြောင်းမည့် အနေအထား ရှိနေသည်။
သို့သော် အသားကျနေသည့် ကမ္ဘာ့ အနေအထားပုံစံ ( World Order ) ကို ကသောင်းကနင်း မဖြစ်စေဘဲ မည်မျှ တည်တည်ငြိမ်ငြိမ် ထိန်းညှိ ဆောင်ရွက်နိုင်မည်၊ ပြည်တွင်းပြည်ပမှ မူလပုံစံဖြင့် အကျိုးစီးပွား ရှိသူများက ဆန့်ကျင် ဟန့်တားရန် ကြိုးပမ်း လာမှုများကို မည်မျှအထိ အောင်အောင် မြင်မြင် ထိန်းချုပ်ကိုင်တွယ် နိုင်မည်ဆိုသည်ကို ဆက်လက် စောင့်ကြည့် သွားရဖွယ် ရှိကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
No comments:
Post a Comment