Pages

Wednesday, November 2, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် အား ဂါရ၀ပြု တွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ 
သမ္မတ မစ္စတာ ရှီကျင့်ဖျင် အား ဂါရ၀ပြု တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ 
သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂-၁၁-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ပေကျင်းမြို့၊ ပြည်သူ့ ခန်းမဆောင်၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် အား သွားရောက် ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင့်စန်း တို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တရုတ်ပြည် ကွန်မြူနစ် ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ ၏ ဆဋ္ဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင် အား အဓိပတိ ခေါင်းဆောင်အဖြစ် ဆက်လက် ခန့်အပ်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် မှလည်း  နှုတ်ခွန်းဆက် ပါကြောင်း၊ သမ္မတကြီး ရှီကျင့်ဖျင် က ပေးပို့သည့် နှုတ်ခွန်းဆက် စာလွှာအတွက် လည်း ကျေးဇူးတင်ရှိ ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ အလည်အပတ် ခရီး လာရောက်ရန် ဖိတ်ကြား လိုက်ပါကြောင်း၊ ၂ဝ၁၃ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ချိန် က သမ္မတကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ပြုပြင် ပြောင်းလဲမှုသည် မောင်းနှင်အား ဖြစ်၍ တည်ငြိမ် အေးချမ်းမှုသည် လိုအပ်ချက် ဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေးသည် ရည်မှန်းချက် ဖြစ်သည်ဆိုသည့် စကားနှင့်အညီ ဆောင်ရွက် ခဲ့မှုကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ခြောက်နှစ်တာ ကာလအတွင်း တိုးတက် ပြောင်းလဲမှုများစွာ ရှိသည်ကို ဂုဏ်ယူဖွယ် တွေ့ရှိရ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိရာ အောင်မြင်မှုများ ရရှိသကဲ့သို့ စိန်ခေါ်မှု များလည်း ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက် ၍ ထိုက်သင့်သည့် တည်ငြိမ် အေးချမ်းမှု ရရှိခဲ့ သော်လည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ပဋိပက္ခလုံးဝ ချုပ်ငြိမ်းရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကူညီမှုများ အားလည်း ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။

ယင်းနောက် သမ္မတ မစ္စတာ ရှီကျင့်ဖျင် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တတိယ အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ အဆွေတော် ၏ ယခုခရီးစဉ် သည်လည်း နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အောင်မြင်သည့် တွေ့ဆုံ ဆွေးနွေးမှု များကြောင့် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်မှုကို အားသစ်လောင်း နိုင်သည့် အကျိုးရှိသော ခရီးစဉ် ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး နှင့် ချစ်ကြည် ရင်းနှီးမှုကို ဆက်လက် တိုးမြှင့် ဆောင်ရွက်ပြီး နှစ်နိုင်ငံပြည်သူ လူထုပိုမို တိုးတက်ရေး ကိုလည်း လိုလားကြောင်း၊ တပ်မတော် နှစ်ရပ်အကြား တွင်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး ဆွေးနွေး ညှိနှိုင်းမှု များကြောင့် ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ကောင်းများ ပိုမိုတိုးတက် ခိုင်မာမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်မှုသည် ချစ်ကြည်ရင်းနှီး မှုကို မြင့်မားစေကြောင်း၊ ယခင် အစိုးရ လက်ထက် သမ္မတကြီး ဦးသိန်းစိန် နှင့် ထိတွေ့ ဆက်ဆံမှု များရှိခဲ့ပြီး လက်ရှိသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တို့နှင့်လည်း  ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံ၏ တည်ဆောက်မှု၊ တည်ငြိမ်အေး ချမ်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ဘဝ မြှင့်တင်မှုများ အောင်မြင်စေရန် ဆုမွန်တောင်းကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြား သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှာ များစွာ အရေးကြီး ပါကြောင်း၊ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်မှု တွင်လည်း အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍများစွာ ကျယ်ပြန့်ကြောင်း၊ နယ်စပ် ကုန်သွယ်မှု သာမက ပုံမှန် ကုန်သွယ်မှု များကိုပါ မြှင့်တင်ပေး နိုင်ပါက ပိုမိုအကျိုးရှိမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် နှစ်ဖက် အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် နှစ်ဖက် တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ အောင်မြင်မှုများ ရှိပါကြောင်း၊ ယခုထက် ပိုမို အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံချင်း၊ အစိုးရချင်း၊ ပါတီချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး မြှင့်တင်ခြင်းဖြင့် ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment