Pages

Tuesday, November 29, 2016

မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာသည့် ထရမ့်ပ် ၏ အမေရိကန်အစိုးရသစ်


မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာသည့် ထရမ့်ပ် ၏ အမေရိကန်အစိုးရသစ်

( ဇေယျဘုန်း )

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်တချို့၌ မဲရလဒ်များ ပြန်လည် ရေတွက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှုများနှင့် တောင်းဆိုမှုများ ထွက်ပေါ်နေစဉ် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသည့် ဒေါ်နယ်ထရမ့်ပ် သည် ၄င်း၏ အစိုးရအဖွဲ့ အတွင်း ပါဝင်မည့် သူများ၏ အမည်များကို ပဏာမအဆင့် ရွေးချယ်ထုတ်ပြန် ခဲ့ပြီး နောက်ပိုင်းတွင် ထရမ့်ပ် ဦးဆောင်သည့် အစိုးရအဖွဲ့၌ မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာဖွယ် ရှိသည်ဟူသော ပြောကြားမှုများ ထွက်ပေါ်လာသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကမ္ဘာ့မီဒီယာ များက အနိုင်ရမည်ဟု သုံးသပ်ခြင်းခံခဲ့ ရသည့် ဟီလာရီကလင်တန် ကို ထရမ့်ပ်က အနိုင်ရပြီးချိန်မှစ၍ ၄င်း၏ တင်းမာသောမူဝါဒ များကို လက်တွေ့ အကောင်အထည်ဖော် နိုင်ရေးအတွက် အစိုးရသစ် ဖွဲ့စည်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။

ထရမ့်ပ်သည် အထက်လွှတ်တော် ၏ အတည်ပြုချက် ရယူရန်မလိုသည့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သည့် မိုက်ဖလင်း ကို ရွေးချယ်ခဲ့သည်။ မိုက်ဖလင်း သည် စစ်တပ်မှ အနားယူပြီး နောက်ပိုင်းတွင် စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီ၏ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင် သူဖြစ်သည်။ ၄င်းအား ထရမ့်ပ်အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ် ပေးနိုင်သူ တစ်ဦးအဖြစ် ရှုမြင်ထားခြင်း ခံရသူလည်း ဖြစ်သည်။

ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့နှင့် ဘာသာရေး အစွန်းရောက်များ၏ အန္တရာယ်သည် အိုဘားမား အစိုးရအဖွဲ့က ခန့်မှန်းထားခဲ့သည့် အတိုင်းအတာထက် ပိုမိုဆိုးရွားလာ နိုင်သည်ဟု ၄င်းက တိကျစွာ ကြိုတင်ခန့်မှန်း နိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မိုက်ဖလင်း သည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်သည့် ကလင်တန် အား ထောင်ချ ရန်အထိ တောင်းဆိုခဲ့သူ ဖြစ်ပြီး ISIS စစ်သွေးကြွ အဖွဲ့ကို တိုက်ဖျက်နိုင်မည့် အစီအစဉ် တစ်ရပ် ချမှတ် အကောင်အထည် ဖော်နိုင်ခြင်း မရှိမှုနှင့် စပ်လျဉ်း၍ လက်ရှိသမ္မတ အိုဘားမား အား လူလိမ်ဟု ခေါ်ဆိုခဲ့သည်။ စင်စစ်တွင် ထရမ့်ပ်သည် မိုက်ဖလင်း အား ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ရန် စဉ်းစားထား သော်လည်း ယင်းသို့ခန့်အပ် နိုင်ရေးအတွက် လွှတ်တော်၏ အတည်ပြု ချက်များကို ရယူရမည် ဖြစ်သောကြောင့် အစိုးရအဖွဲ့နှင့် နိုင်ငံအတွင်း လွှမ်းမိုးနိုင်စွမ်း ရှိသည့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်မှုရှိရေး တို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အထက်လွှတ်တော် အမတ် ဂျက်ဖ်ဆက်ရှင်း ကို အမေရိကန် ပြည်ထောင်စု ၏ ၈၄ ဦးမြောက် ရှေ့နေချုပ် အဖြစ်ခန့်အပ် ခဲ့သည်။ ဂျက်ဖ်ဆက်ရှင်း သည် သမ္မတဟောင်း ရော်နယ်ရေဂင် ၏ လက်အောက်တွင် အယ်လ်ဘားမား ပြည်နယ် ၏ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယင်းနောက်ပိုင်း တွင် နိုင်ငံရေး၌ အတွေ့အကြုံ ကောင်းများ ရရှိခဲ့သူဖြစ်သည်။ ထို့အတူ ဂျက်ဖ်ဆက်ရှင်း သည် ၄င်းတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်း၍ တိကျမှန်ကန်မှု ရှိပြီး သစ္စာရှိသူ တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင် ခဲ့သူဖြစ်သည်။ ၄င်းအနေဖြင့် အစိုးရသစ် လက်အောက် တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ထိန်းချုပ်ရေးနှင့် လူဝင်မှု ကြီးကြပ်ရေး စသည့် ပြီးခဲ့သည့် နှစ်များအတွင်း တရားရေး ဝန်ကြီးဌာနက ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း ရဖွယ်ရှိသည် ဟု သုံးသပ်သူ များက ဆိုသည်။

ဂျက်ဖ်ဆက်ရှင်း အား ရှေ့နေချုပ် အဖြစ် ခန့်အပ်သည့် ထရမ့်ပ်၏ ဦးတည်ချက်မှာ နိုင်ငံအတွင်းသို့ အထိန်းအကွပ် မဲ့စွာ ဝင်ရောက်လာသူ များကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်မည် ဟူသော မဲဆွယ် စည်းရုံးစဉ် ကာလအတွင်းက ပေးအပ်ခဲ့သည့် ကတိကဝတ်ကို အကောင်အထည် ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အလားတူ ထရမ့်ပ်သည် ထောက်လှမ်း ရေးနှင့် လျှို့ဝှက်စစ်ဆင်ရေး များနှင့် စပ်လျဉ်း၍ ရီပတ်ဘလစ်ကန် အမတ် မိုက်ပွန်ပီယိုကို စီအိုင်အေ (ဗဟို ထောက်လှမ်းရေး အေဂျင်စီ) ၏ အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့သည်။ ပွန်ပီယို သည် ထောက်လှမ်းရေး အသိုက် အဝန်းတွင် ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာနိုင်ပြီး ၄င်းအနေဖြင့် အမေရိကန်ပြည်သူ အားလုံးနှင့် မဟာမိတ်နိုင်ငံ များ၏ ဘေးကင်း လုံခြုံရေးကို ဆောင်ကြဉ်းပေး နိုင်မည်ဟု ထရမ့်ပ် က ချီးကျူးပြောကြား ထားသော် လည်း ၄င်းအား စီအိုင်အေ အကြီးအကဲ အဖြစ် ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။

ပွန်ပီယို သည် အီရန် နျူကလီးယား အရေးနှင့် စပ်လျဉ်း၍ မူဝါဒရေးရာ တင်းမာသူ တစ်ဦးဖြစ်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံများ နှင့် အီရန်နိုင်ငံတို့ အကြား နျူကလီးယား သဘောတူညီချက် ချမှတ်ခြင်း အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သူ ဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု က ရုရှား၊ အီရန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့်ပတ်သက်၍ မူကြမ်းတစ်စောင် အပေါ် ဝေဖန်ထားပြီး အီရန်နိုင်ငံနှင့် ဆက်စပ်သည့် လုံခြုံရေး ကိစ္စရပ်များကို အဓိက ဦးစားပေး ချမှတ်ရေး အတွက်လည်း မူကြမ်းများစွာကို အဆိုပြုခဲ့သူ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေး ကိစ္စရပ်များတွင် စိတ်ဝင်စားစွာ ပါဝင် လုပ်ဆောင်လျက် ရှိသည့် ပွန်ပီယို အား အလားအလာရှိသူ တစ်ဦးအဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဂျွန်ဘိုးယား က ရှုမြင်ခဲ့ခြင်းကြောင့် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီနှင့် ဘင်ဂါဇီ အရေးဆိုင်ရာ အောက်လွှတ်တော် အထူးကော်မတီ တို့တွင် နေရာပေးခြင်း ဖြစ်သည်။ သာမန်အားဖြင့် အဆိုပါရာထူး များတွင် အတွေ့အကြုံပိုမို ရင့်ကျက်မှုရှိသည့် လွှတ်တော်အမတ် များကိုသာ ရွေးချယ်ခန့်အပ် လေ့ရှိသော်လည်း ပွန်ပီယို ၏နိုင်ငံရေး အလားအလာ ကောင်းမှုကြောင့် ယင်းနေရာ များတွင် တာဝန်ထမ်းဆောင် ရဖွယ်ရှိသည်။

သို့ရာတွင် ပွန်ပီယို အား စီအိုင်အေအဖွဲ့ ၏ အကြီးအကဲအဖြစ် ခန့်အပ် လိုက်ခြင်းကို ဒီမိုကရက်တစ် များက အပြင်းအထန် ကန့်ကွက်ကြသည်။ ယင်းသို့ ကန့်ကွက်ရသည့် အကြောင်းရင်းမှာ အမေရိကန် ပြည်ထောင်စုအတွင်းက မွတ်စလင် ဘာသာဝင် များသည် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အပြည့်အဝ ကန့်ကွက်ခြင်း မရှိသောကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၌ ၄င်းတို့ (အမေရိကန် မွတ်စလင်များ) ပါဝင် လာနိုင်ဖွယ်ရှိသည် ဟု ပွန်ပီယို က၂ဝ၁၃ ခုနှစ်တွင် ပြောကြားခဲ့ခြင်း ကြောင့်ဖြစ်သည်။ ပွန်ပီယို အနေဖြင့် ယင်းသို့ပြောကြား ခြင်းသည် နိုင်ငံအတွင်း ဘာသာရေး အစွန်းရောက်မှု ပိုမိုများပြား လာစေရန် ဝါဒဖြန့် ခြင်းနှင့် တူသည်ဟု ဆန့်ကျင်သူ များက ဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ဇန်နဝါရီလတွင် သမ္မတတာဝန်ကို လွှဲပြောင်းရယူ တော့မည့် ထရမ့်ပ်သည် နိုင်ငံ၏စီးပွားရေး ကို အကောင် အထည် ဖော်ဆောင်ရာတွင် ပါဝင်မည့် ၄င်း၏အဖွဲ့ကို တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေး သော်လည်း အစိုးရအဖွဲ့ အဓိကနေရာ ၌ မူဝါဒအရ တင်းမာသူများအား ရွေးချယ် ခန့်အပ်လိုက်ခြင်းသည် နိုင်ငံခြားရေး၊ လူဝင် မှုကြီးကြပ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို တင်းကျပ်စွာ ကိုင်တွယ်သွားမည်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် ရှေ့နေချုပ် ဖြစ်လာမည့် ဂျက်ဖ်ဆက်ရှင်း သည် လူဝင်မှုကို ဆန့်ကျင်သူ တစ်ဦးအဖြစ် လည်းကောင်း၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အဖြစ် ရွေးချယ်ခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မိုက်ဖလင်း နှင့် စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ပွန်ပီယို တို့သည် အကြမ်းဖက် တိုက်ဖျက်ရေး၌ အယူအဆ တင်းမာသူများ ဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စု အတွင်းရှိ ပြည်သူအားလုံး အထူးသဖြင့် ပြည်ပနိုင်ငံများ၌ ဖြန့်ကြက်ချထား သည့် အမေရိကန် စစ်သည်များအပေါ် ဘေးအန္တရာယ် ကျရောက်စေမည့် အလားအလာများ ထွက်ပေါ်လာ စေနိုင်သောကြောင့် အမေရိကန်ပြည်သူ များအကြား စိုးရိမ် မကင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment