Pages

Friday, November 25, 2016

ခက်ပြီးရင်းခက် သောင်းကျန်းသူတို့ လက်ချက်


ခက်ပြီးရင်းခက် သောင်းကျန်းသူတို့ လက်ချက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၂၄ ရက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် ၍ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရပ်နား လိုက်ရသော အခြေခံပညာ အဆင့် ပထမနှစ်ဝက် စာမေးပွဲများ ကို ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ဖြေဆို နေကြောင်း သိရသည်။ မောင်တောမြို့နယ် အဘူဂျရား  ကျေးရွာ အနီး ယာယီတဲဖြင့် နေထိုင်လျက် ရှိသည့် ထွက်ပြေးတိမ်းရှောင် လာသူများ ရှိကြောင်း သတင်း ရရှိသဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂ဝ ရက်တွင် သွားရောက် စိစစ်ရာ ဒါးကြီးဇား ကျေးရွာနှင့် မျောတောင်ကျေးရွာ တို့မှ ထွက်ပြေးတိမ်းရှောင် လာသူ ၁၂၁၃ ဦး နေထိုင်လျက် ရှိကြောင်း တွေ့ရသည်။

၎င်းထွက်ပြေး တိမ်းရှောင်လာသူ များအား ရခိုင်ပြည်နယ် အစိုးရက လူသားချင်း စာနာ ထောက်ထား၍ ဆန်အိတ် ၁ဝဝ၊ ငါးခြောက် ပိဿာ ၁ဝဝ နှင့် ခေါက်ဆွဲခြောက် ဖာ ၁ဝဝ တို့ကို ပေးအပ်ခဲ့ပြီး နေရပ်သို့ အမြန်ဆုံး
ပြန်လည်ပို့ဆောင် နိုင်ရေး စီမံဆောင်ရွက်လျက် ရှိသည်။

မောင်တောမြို့နယ် လောင်းတုံကျေးရွာ အုပ်စု ဖော်ကီတောင် ကျေးရွာမှ ဒေသခံ မရမာကြီး တိုင်းရင်းသား များသည် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ရန်ကြောင့် အိမ်ထောင်စု ၁၇ စုမှ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၉၆ ဦးသည် ယခုလ ၁၄ ရက်တွင် နေရပ်စွန့်ခွာပြီး ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ခေတ္တတိမ်းရှောင် နေထိုင်လျက် ရှိသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ယခုလ ၁၈ ရက်တွင် ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ ရောက်ရှိစဉ် ၄င်းတို့အား တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းစီစဉ် ပေးကာ တပ်မတော် မော်တော်ယာဉ် များဖြင့် နေရင်းဒေသ ဖော်ကီတောင်ကျေးရွာ သို့ ပြန်လည်ပို့ဆောင် ပေးပြီး တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ အောက် နန့်ဖတ်လွန်း ကျေးရွာအနီး ပြည်ထောင်စု ကားလမ်း မိုင်တိုင်(၂၃၈/၃) အနီး၌ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ KIA ၊ TNLA လက်နက်ကိုင် အင်အား ၂ဝဝ ခန့်သည် လမ်း၏ ဝဲ/ယာတောင်ကုန်း များပေါ်၌ အသီးသီးဖြန့်ခွဲ နေရာယူထားပြီး ၂၂ ဘီးတွဲ ဆီဘောက်ဆာ ယာဉ်အား ကန့်လန့်ခံ လမ်းပိတ်ဆို့၍ လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များအား တစ်စီးလျှင် ငွေကျပ် ၃ဝဝဝဝ မှ ၅ဝဝဝဝ နှုန်းဖြင့် ဆက်ကြေး ကောက်ခံ၍ ကောင်းခါး၊ မန်ပြိန်း ကျေးရွာတို့ ဘက်သို့ ထွက်ခွာသွား ကြသည်။ အလားတူ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝင်းရှိ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီသို့ KIO တောင်ပိုင်း တိုင်းတပ်မဟာ(၄) အခွန်ဌာနခွဲ ၏ ဆက်ကြေး ပေးဆောင်ရန် အကြောင်းကြားစာ လာရောက် ပေးပို့သော KIA တပ်မဟာ(၃)မှ တပ်သားအဆင့် ရှိသူတစ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မူဆယ်ခရိုင် အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၊ တခြား တိုင်းဒေသကြီးများမှ လာရောက် အလုပ်လုပ်ကိုင် ကြသူများ၊ ဝန်ထမ်းတချို့နှင့် ခရီးသွားပြည်သူများသည် မူဆယ် ကုန်သည်ကြီးများ အသင်းသို့ လာရောက်ခိုလှုံ ကြရာ လူပေါင်း ၃ဝဝဝ ကျော်ရောက်ရှိ နေကြောင်း သိရသည်။ တိုက်ပွဲများကြောင့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကြီး အပါအဝင် ဘဏ်များ၊ ဈေးဆိုင်များနှင့် လူနေအိမ်များ ပိတ်ထားကြသည်။ တချို့ပြည်သူ များသည် တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ ရှောင်တိမ်း သွားကြရာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကို ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရန် ပြည်သူတို့ဘဝ အေးချမ်းစွာ လုပ်ကိုင်စားသောက် နိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ဝိုင်းဝန်း ကြိုးပမ်းနေကြ ချိန်တွင် ဤသို့ ဆူပူ အကြမ်းဖက်မှုများ ဖန်တီးကြခြင်းသည် ပြောင်းပြန် အကျိုးသက်ရောက် မည်သာ ဖြစ်ကြောင်း အသိခေါက်ခက် အဝင်မနက်ကြပါရန် ပြည်သူ့အကျိုးကို ထောက်ထား၍ မြဝတီ က တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment