Pages

Wednesday, November 30, 2016

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း လေးလုံးတွေ့ရှိ


ဒေသန္တရလက်လုပ်မိုင်း လေးလုံးကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်-သိန်းနီ အကြား ပြည်ထောင်စု လမ်းမကြီး ပေါ်၌ တပ်မတော် စစ်ကြောင်းက လမ်းလုံခြုံရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၂၁၇/၇) အနီးသို့ ရောက်ရှိစဉ် ကတ္တရာလမ်း အောက်ရှိ ရေစီးဆင်းသည့် အချင်း ၂ ပေခန့်ရှိ ရေပြွန် အတွင်းမှ ဒေသန္တရ လက်လုပ်မိုင်း လေးလုံးအား တွေ့ရှိခဲ့သည်။

တွေ့ရှိရသည့် မိုင်းများအား အသေးစိတ် စစ်ဆေးခဲ့ရာ အမြင့် ၆ လက်မ၊ အချင်း ၄ လက်မရှိ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း လေးလုံး၊ ၁၂ ဗို့ ဘက်ထရီ လေးလုံးနှင့် အနီ၊ အနက် ဝါယာကြိုးဖြင့် ချိတ်ဆက်ထားသော ဖျူ့စ် ခုနစ်ချောင်း တို့အား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမဖြစ်ပွား စေရေး တပ်မတော် စစ်ကြောင်းက စနစ်တကျ ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းက လမ်းလုံခြုံရေး ဆက်လက် ဆောင်ရွက်စဉ် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် မိုင်တိုင်အမှတ် (၂၁၆/၅) အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က ရီမုမိုင်း နှစ်လုံး ဖောက်ခွဲ၍ တပ်မတော် စစ်ကြောင်းအား လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် ရန်သူသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ TNLA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း ခရီးသွားယာဉ် များအား ဖျက်ဆီးခြင်း၊ လမ်းကြောင်း ပိတ်ဆို့ခြင်း၊ တံတား ဖောက်ခွဲခြင်း၊ မိုင်းထောင်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း နှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း များနှင့် ရဲတပ်ဖွဲ့ဝင် များအား တိုက်ခိုက် နှောင့်ယှက်ခြင်း များ ဆောင်ရွက် လျက် ရှိပြီး နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment