Pages

Monday, October 3, 2016

ရွှေတိဂုံစေတီတော် မော်ကွန်းဓာတ်ပုံပြခန်း ၀င်ပေါက်အနီး၌ တပ်ဆင်ထားသော Public Digital Library Service ကို သုံးစွဲသူနည်းပါးနေ



ရန်ကုန် ၊ ၃-၁၀-၂၀၁၆

ရွှေတိဂုံ စေတီတော် မော်ကွန်းဓာတ်ပုံ ပြခန်းဝင်ပေါက် အနီး၌ ပြီးခဲ့သည့် တစ်လကျော်က တပ်ဆင်ထားသော Public Digital Library Service (PDLS) ကို ယခုအချိန်ထိ သိရှိသုံးစွဲသူ နည်းပါးနေသေး ကြောင်း သိရသည်။

'' အဲဒီစက်ကို တပ်ထားသော တစ်လကျော် နေပါပြီ။ ရှစ်လပိုင်းကုန် လောက်က လာတပ်သွား တာပါ။ e-Book စာအုပ်ပေါင်း ၇ဝဝဝ ကျော် လောက်ရှိပါတယ်။ အခုချိန် ထိတော့ သုံးတဲ့သူ နည်းနေ သေးတယ်'' ဟု ရွှေတိဂုံ စေတီတော် မော်ကွန်းဓာတ်ပုံ ပြခန်းမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောသည်။ အဆိုပါ Public Digital Library Service ကို သြဂုတ် ၂၃ ရက်က ဒဂုံမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနက လာရောက် တပ်ဆင်ပေးခြင်း ဖြစ်သည်။

ထို့ပြင် PDLS မှ e-Book စာအုပ်များအား ဖတ်ရှုလေ့လာ လိုသူများ အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင် စေရန် အသုံးပြုနည်း လမ်းညွှန် ဗီနိုင်းတစ်ခု ကိုလည်း မော်ကွန်းဓာတ်ပုံ ပြခန်းဝင်ပေါက် နံဘေး၌ ကပ်ပေး ထားသည်။

ယင်း Public Digital Library Service ကို အသုံးပြုရာတွင် အင်တာနက်နှင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ Smart Phone ၊ Tablet နှင့် Notebook တို့ဖြင့် WiFi Switch ကိုဖွင့်၍ moi-pdls.net အမည်ရှိ hotspot အား Connect လုပ်ကာ သုံးစွဲနိုင်ကြောင်း၊ ထို PDLS သည် Browser အားလုံးဖြင့် အသုံးပြုနိုင် သော်လည်း Chrome, Firefox တို့ဖြင့် ပိုမို အသုံးပြုရခြင်း မှာ အဆင်ပြေကြောင်း သိရသည်။

Library Page ဘယ်ဘက်တွင် စာအုပ် အမျိုးအစား Menu ကို စီစဉ်ပေးထားပြီး ယင်း Menu မှတစ်ဆင့် မိမိတို့ ဖတ်ရှုလိုသော စာအုပ်များကို အဆင့်ဆင့် ရွေးချယ်ကာ ဖွင့်လှစ်ဖတ်ရှု နိုင်သည်။ ထို့ပြင် PDLS  စက်ထဲတွင် ထည့်သွင်းထားသော e-Book စာအုပ်များထဲ၌ Download ဆွဲပြီးဖတ်ရှု နိုင်သော စာအုပ်များပါပြီး Read-Only အနေဖြင့် ဖတ်ရှုနိုင်သော စာအုပ်များလည်း ပါဝင်သည်။

လက်ရှိတွင် PDLS ၌ စုစုပေါင်း e-Book စာအုပ် အရေအတွက် ၇ဝဝဝ ကျော် ထည့်သွင်းပေး ထားပြီး နောက်ပိုင်း လူသုံးများ လာသောအခါ e-Book များလည်း ထပ်မံဖြည့်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment