Pages

Friday, October 7, 2016

ပခုက္ကူမြို့နယ် ဥယျာဉ်စုကျေးရွာ ၌ မြေသားပြတ်ရွေ့မှု ဖြစ်ပွား


စက္ကမော့တောင် မြေသားပြတ်ရွေ့မှုကို တွေ့ရစဉ်

ပခုက္ကူ ၊ ၇-၁၀-၂၀၁၆

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အရှေ့ကမ်းဖြူ အုပ်စု ဥယျာဉ်စု ကျေးရွာအနီး ရှိ စက္ကမော့တောင် မြေသားပြတ်ရွေ့မှု ဖြစ်ပေါ်သည့် အတွက် မြို့နယ် သဘာဝဘေး အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ က ယမန်နေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်း၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေသားပြတ်ရွေ့မှု ဖြစ်ခဲ့သော စက္ကမော့တောင် သည် တန့်ကြီးတောင်၏ တောင်စွယ် တောင်တန်းတစ်ခု ဖြစ်ပြီး ၄င်းတောင်တန်း သည် ဥယျာဉ်စုကျေးရွာ ၏ အရှေ့မြောက်ဘက် တွင်အမြင့်ပေ ၁၅ဝဝ ခန့်ဖြင့် သွယ်တန်းလျက် ရှိသော တောင်တန်းတစ်ခု ဖြစ်ပြီး သဲနှင့် ကျောက်များရောနှော တည်ရှိသော တောင်တန်းတစ်ခု ဖြစ်သည်။

ယမန်နေ့နံနက် ၂ နာရီခွဲတွင် အဆိုပါတောင် ပေါ်မှ ကျောက်တုံး၊ ကျောက်ခဲများ နှင့်သဲများ ကျေးရွာအတွင်းသို့ ပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ပြီး ဦးသိန်းစိုးဝင်း နှင့် ဦးမောင်စိုး တို့၏ အိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ဥယျာဉ်စု ကျေးရွာသို့ ပခုက္ကူမြို့နယ် သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင် သည် ပျက်စီးခဲ့သော အိမ်ထောင်စု နှစ်စုအား တစ်အိမ်ထောင်လျှင် ဆန်အိတ် တစ်အိတ်၊ စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ တွင် ၂ဝ၁၁ ခုနှစ်က မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့စဉ် ကလည်း မြေသားပြတ်ရွေ့မှု ဖြစ်ခဲ့ပြီး အိမ်နှစ်လုံး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ဥယျာဉ်စုကျေးရွာ သည် ပခုက္ကူမြို့၏ အနောက် တောင်ဘက် မိုင် ၄ဝ ခန့်အကွာတွင် တည်ရှိပြီး ယောချောင်းနှင့် တန့်ကြီးတောင် ၏ တောင်စွယ် တောင်တန်းများ ကြားတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး အတွက် ပခုက္ကူ-ဆိပ်ဖြူလမ်း ကို အားထား အသုံးပြုရပြီး ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်များ ကို ပခုက္ကူမြို့နှင့် ဝေးကွာသည့် အတွက် ဆိပ်ဖြူ မြို့ကို အားကိုးအားထား ဆောင်ရွက် ရကြောင်း သိရသည်။

ကျေးရွာတွင် အိမ်ထောင်စု ၉၇ စုနှင့် လူဦးရေ ၃၅ဝ ခန့်မှီတင်း နေထိုင်ကြောင်း သိရသည်။ ပတ်ဝန်းကျင်ရှိ ယောချောင်းကို အမှီပြု၍ ကြက်သွန်နီ စိုက်ပျိုးခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု ရကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment