Pages

Wednesday, October 5, 2016

တောင်ဥက္ကလာပ နှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ကို ဆက်သွယ်မည် ငမိုးရိပ်ချောင်းကူးတံတားသစ် တစ်စင်း ထပ်မံတည်ဆောက်ရန် လျာထား



ရန်ကုန် ၊ ၅-၁၀-၂၀၁၆

တောင်ဥက္ကလာပ နှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ကို ဆက်သွယ်မည့် ငမိုးရိပ် ချောင်းကူးတံတား တစ်စင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း တည်ဆောက်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ငမိုးရိပ်ချောင်းကို ဖြတ်လျက် တောင်ဥက္ကလာပ နှင့် ဒဂုံ (မြောက်ပိုင်း) မြို့နယ် တို့ကို ဆက်သွယ် ထားသည့် အသွားတစ်စင်း အပြန်တစ်စင်း ပါရမီတံတား (ဘေလီ)သည် အဆိုပါ နေရာများ၌ နေ့စဉ်ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ် အစီးရေ များပြား လာခြင်းကြောင့် တံတား ခံနိုင်ဝန် မမျှတသည့် အခြေအနေ ဖြစ်နေသောကြောင့် တံတားအသစ် တစ်စင်း ထပ်မံ တည်ဆောက်ရန် စီစဉ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

''လက်ရှိ ငမိုးရိပ်ချောင်းကို ဖြတ်ပြီးတော့ တောင်ဥက္ကလာပ မြို့နယ်နဲ့ ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဘေလီတံတား က အဲဒီနေရာ ပတ်ဝန်းကျင်က လူဦးရေ၊ ဖြတ်သန်းတဲ့ ကားတွေနဲ့ မမျှတော့ဘူး။ ဒါကြောင့် တံတားသစ် တစ်စင်း ထပ်မံ တည်ဆောက်ဖို့ စီစဉ်သွား မှာပါ " ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ငမိုးရိပ် ချောင်းကူးတံတား ဖြစ်သည့် ပါရမီတံတား (ဘေလီ) သည် မူလက တစ်စင်းတည်းသာ ရှိခဲ့ရာမှ ယာဉ်ကြော ပိတ်ဆို့မှု များပြား လာသဖြင့် နောက်ထပ်တစ်စင်း ထပ်မံ တည်ဆောက် ခဲ့သော်လည်း လုံလောက်မှု မရှိသဖြင့် ယခုကဲ့သို့ တံတားသစ်တစ်စင်း ထပ်မံ တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment