Pages

Friday, September 23, 2016

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်ရန် အလှူရှင်များလိုအပ်နေ



ကျောက်ပန်းတောင်း ၊ ၂၃-၉-၂၀၁၆

ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာအုပ်စုများ အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီ ပုထိုးများ ပြန်လည် ပြုပြင်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စုအတွင်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီ ပုထိုး စုစုပေါင်း ၁၁၆ ဆူရှိပြီး ဦးခေါင်းတော် မြေခခြင်း၊ ထီးတော် မြေခခြင်း၊ အက်ကွဲခြင်း တို့ဖြစ်ပွား ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါစေတီပုထိုး များအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် အလှူငွေကျပ် ၃၁ သိန်းသာ ရရှိသေးသဖြင့် ပြန်လည် ပြုပြင်ရန် ငွေကြေး လုံလောက်မှု မရှိသေးကြောင်း သိရသည်။

''ဒီအလှူငွေကျပ် ၃၁ သိန်းက ကျွန်တော် တာဝန်ကျခဲ့တဲ့ နေပြည်တော်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးက အသိမိတ်ဆွေတွေ ဆီက အလှူခံခဲ့တာပါ။ ပြုပြင်ရမယ့် စေတီပုထိုးက ၁၁၆ ဆူဆိုတော့ တစ်ဆူကို ခန့်မှန်းငွေကျပ် ၈ဝဝဝဝ၊ ၉ဝဝဝဝ လောက်ပဲရတယ် ဆိုတော့ ပြုပြင်မွမ်းမံလို့ မရသေးပါဘူး။ သီတင်းကျွတ် ပွင့်လင်းရာသီ ရောက်မှပဲ အလှူရှင်တွေရဲ့လှူဒါန်းမှု အပေါ်မှာ မူတည်ပြီး ပြုပြင်နိုင်မှာပါ။ အခု လောလောဆယ် မှာတော့၊ မိုးလည်းရွာ နေတော့ မပြင်နိုင်သေး ပါဘူး'' ဟု ကျောက်ပန်းတောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် က ပြောသည်။

ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာများအနက် ရေဆုံးကျေးရွာ ၌ စေတီပုထိုး ပေါင်း ၇ဝ ကျော်ရှိကာ ၄င်းစေတီများ အနက်မှ စေတီ ပုထိုးပေါင်း ၂ဝ ခန့်ပျက်စီး ခဲ့သဖြင့် ပျက်စီးမှု အများဆုံး ဖြစ်ပွားခဲ့သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီပုထိုး များကို ပြန်လည်ပြုပြင် မွမ်းမံရန် ပါဝင်လှူဒါန်း လိုပါက ဖုန်း- ဝ၉- ၄၃ဝဝ၆၂၅၈၊ ဝ၉- ၇၉၈ ၈၁၁၇၇၇၊ ဝ၉- ၇၉၂ ၇ဝ၄ ၂၆၂ နှင့် ဝ၉-၇၈၈ ၁၈၅၁၈၈ တို့သို့ ဆက်သွယ်စုံစမ်း၍ လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment