ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့
ယနေ့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဖြစ်သည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံရေးနှင့် စီးပွားရေး ပညာရှင်များက ဒီမိုကရေစီ စနစ်ကို လေ့လာကြရာ၌ ဒီမိုကရေစီ စနစ်က စီးပွားရေး တိုးတက်မှုကို ဦးဆောင်သည် သို့မဟုတ် စီးပွားရေး တိုးတက်မှုက ဒီမိုကရေစီ စနစ်ကို ဦးဆောင်သည် ဆိုသော မေးခွန်းတို့အတွက် အဖြေရှာခဲ့ ကြသည်။ ဒီမိုကရေစီသည် အကြောင်းတရား လော သို့မဟုတ် စီးပွားရေး တိုးတက်မှုသည် အကြောင်းတရားလော ဆိုသည်ကို လေ့လာရင်း ဤနှစ်ခု၏ ဆက်နွှယ်ပုံ ကိုလည်း ဆန်းစစ်ခဲ့ ကြသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂ဝဝ ကျော်ရှိသည့် အနက် ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံပေါင်း ၈ဝ ရာခိုင်နှုန်းရှိကြရာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များကို လေ့လာကြည့် ပါက ဒီမိုကရေစီကို အခြေခံ၍ မိမိတို့နိုင်ငံ၏ နိုင်ငံရေး အခြေအနေ၊ ပထဝီ အနေအထား၊ ယဉ်ကျေးမှု၊ နိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးစုများ၏ အခြေအနေ စသည့် ပကတိ အရှိတရား များနှင့် သင့်လျော်သည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးကြောင်း တွေ့ရသည်။
ဒီမိုကရေစီစနစ် က တခြားစနစ် များထက် သာလွန်သော အချက်များမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆို ရေးသားခွင့် စသည်များနှင့် လူသားတစ်ဦးချင်း စီ၏ တန်ဖိုးများကို အခြေခံထားမှု တို့ပင်ဖြစ်ပြီး ဤအချက်များသည် အစိုးရအတွက် အင်အားတစ်ခု ဖြစ်စေသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်သည် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုကို ဖြစ်စေသဖြင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကို ရစေနိုင်သည် ဟု လေ့လာသူများက ထုတ်ဖော်ပြောကြား ကြသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှစ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ပြည်သူများနှင့် တပ်မတော်တို့ ကြိုးပမ်းခဲ့ ကြသည်။ ယခု ၂ဝ၁၆ ခုနှစ်မှစ၍ ဒုတိယအကြိမ် လွှတ်တော်များ ဖွဲ့စည်းပြီး ဆိုခဲ့သော အင်အားစု လေးရပ်တို့က ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဆက်လက် ကြိုးပမ်းလျက် ရှိသည်။ ဒီမိုကရေစီ၏ တန်ဖိုးများတွင် အများစု၏ ဆန္ဒကို အနည်းစုက လိုက်လျောရမည်။ အနည်းစု၏ ဆန္ဒကိုလည်း အများစုက အလေးထား ရမည်ဆိုသော အချက် ပါဝင်ကြောင်း တွေ့ရသည်။
အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် တွင် ဇီကာရောဂါ တိုက်ဖျက်ရေး အတွက် သုံးစွဲနိုင်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ခွင့်ပြုရေး အတွက် ရီပတ်ဘလီကန် အမတ်များ တင်သွင်းသော ဥပဒေကြမ်းကို မဲခွဲရာ ဒီမိုကရက် အမတ်များက စက်တင်ဘာ ၆ ရက်တွင် ကန့်ကွက်သဖြင့် ၅၂ မဲ- ၄၆ မဲဖြင့် ရှုံးနိမ့်သွားသည်။ ဥပဒေကြမ်း အတည်ပြုရန် ထောက်ခံမဲ ၆ဝ ရရှိရန် လိုကြောင်း သိရသည်။ ရီပတ်ဘလီကန် အမတ်များက ဇီကာရောဂါ တိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ သုံးကြိမ်မြောက် တင်သွင်းခြင်း ဖြစ်ပြီး ယခု တစ်ကြိမ်သည် သုံးကြိမ်မြောက် ကန့်ကွက်ခံ ရခြင်းဖြစ်သည်။
ဤသို့ ကန့်ကွက်ရသည့် အကြောင်းရင်းကို ဒီမိုကရက် အမတ်တစ်ဦးက ပြောကြားရာတွင် တခြားလုပ်စရာ အများအပြားကို ရီပတ်ဘလီကန် တို့က လျစ်လျူရှု၍ ဇီကာ ရန်ပုံငွေ တင်ပြသည် နှင့်သာ အချိန်ကုန် နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သူတို့အရေး၊ သူတို့အတွေး ကို မည်သို့မျှ မဝေဖန်လို သော်လည်း ဇီကာရောဂါမှာ ကမ္ဘာ့နိုင်ငံများ စိုးရိမ်နေ ကြသည့် ပြဿနာတစ်ခု ဖြစ်နေသည် ကတော့ ထင်ရှားသည်။
ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရာတွင် ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက်မှုတို့ ဆက်နွှယ်နေ သကဲ့သို့ မြန်မာနိုင်ငံ အတွက် ငြိမ်းချမ်းရေး တည်ဆောက်မှု လိုအပ်ချက်သည် တခြားနိုင်ငံ များထက် ထူးကဲသော အခြေအနေ တစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ လွှတ်တော်တွင်း ရောက် ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အရေးကို အဆုံးအဖြတ် ပေးကြရာတွင် မိမိအရေး၊ ပါတီအရေးထက် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွားကို ဦးစားပေး ထမ်းဆောင်ပါမည် ဆိုသော အဓိဋ္ဌာန်ကို မမေ့မလျော့ ကြပါရန် ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ တွင် မြဝတီက တိုက်တွန်း လိုက်ရပါသည်။
( အယ်ဒီတာ့အာဘော် )
မြ၀တီနေ့စဉ် ၊ စာ(၂)
No comments:
Post a Comment