Pages

Thursday, September 22, 2016

သတ်မှတ်ထားသော နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် ပမာဏကို ကျော်လွန်ပြီး ထုတ်လွှင့်နေသည့် ဗြိတိန်နိုင်ငံကို ဥပဒေအရ အရေးယူရန် ပြင်ဆင်လာသည့် ဥရောပသမဂ္ဂ အဖွဲ့



လန်ဒန် ၊ ၂၂-၉-၂၀၁၆

ဗြိတိန်နိုင်ငံသည် နောက်ဆုံး တိုင်းတာ စစ်ဆေးချက်များ အရ ဥရောပသမဂ္ဂ အဖွဲ့အစည်း EU က သတ်မှတ်ထားသော နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် ပမာဏကို ကျော်လွန်ပြီး ထုတ်လွှင့် နေသောကြောင့် ဥရောပသမဂ္ဂ အဖွဲ့အစည်း က ရေးဆွဲထားသော သဘာဝ ပတ်ဝန်းကျင် ဥပဒေအတိုင်း ဗြိတိန်နိုင်ငံအား တရားဥပဒေ လမ်းကြောင်းမှ ထပ်မံရင်ဆိုင် သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန် သွားခဲ့သည်။ 

EU အနေဖြင့် ၎င်းတို့သတ်မှတ်ထားသော နိုက်ထရိုဂျင် နှင့် ကာဗွန် ဒိုင်အောက်ဆိုက် ပထမဏထက် ပိုမိုမြင့်မားစွာ ထုတ်လွှင့်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် မေလကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ ဖူးသည်။  ထို့နောက် ၂၀၁၅ ခုနှစ် မေလကလည်း ဗြိတိန်နိုင်ငံအား သတ်မှတ်ထားသော ပမာဏထက် ကာဗွန်ဒိုင် အောက်ဆိုက်များ ထုတ်လွှင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း Reuter သတင်းဌာနက ရေးသားဖော်ပြ သွားခဲ့သည်။ 

ဗြိတိန်နိုင်ငံ အနေဖြင့် EU မှ တရားစွဲ ထားသော အမှုနှင့် ပတ်သက်၍ ဒဏ်ငွေပြစ်ဒဏ် များဖြင့် ရင်ဆိုင်သွား ရဖွယ် ရှိနေကြောင်း သိရသည်။ ထို့အပြင် ဝေးလ်နိုင်ငံရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံဖြစ်သော အာဘက်သော စက်ရုံကို ပိတ်သိမ်းသွားရေး အတွက် EU က ဗြိတိန်နိုင်ငံကို ဖိအားပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကျောက်မီးသွေး လောင်စာသုံး  လျှပ်စစ် ဓာတ်အားပေး စက်ရုံသည် ဗြိတိန်ကျွန်းစု ဖြစ်သည့် ဝေးလ်နိုင်ငံတွင် တည်ရှိနေပြီး၊ ဗြိတိန်အစိုးရ ကလည်း ဝေးလ်နိုင်ငံကို အဆိုပါ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ပိတ်သိမ်းသွားရန်  အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဝေးလ်နိုင်ငံက အာဘက်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ၂၀၂၀ ပြည့်နှစ်အထိ အသုံးပြု သွားမည် ဖြစ်ကြောင်း တုန့်ပြန် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment