Pages

Thursday, September 29, 2016

ဗီဇာကင်းလွတ်ခွင့် ရရှိတော့မည် ဖြစ်သဖြင့် စင်ကာပူနိုင်ငံသို့ ခရီးသွားလာမှု သိသာစွာ တိုးတက်လာမည်ဟု ခန့်မှန်း



ရန်ကုန် ။ ၂၉-၉-၂၀၁၆

မြန်မာနိုင်ငံသား များအနေဖြင့် စင်ကာပူ နိုင်ငံသို့ ဒီဇင်ဘာ ၁ ရက်မှ စတင်၍ ရက် ၃ဝ ထက်မပိုသော သွားရောက် လည်ပတ်မှု အတွက် ဗီဇာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်၍ ခရီးသွားလာမှု သိသိသာသာ မြင့်တက်လာ နိုင်မည်ဟု မျှော်မှန်း ထားကြောင်း စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ ဧရိယာ ဒါရိုက်တာ Sherleen Seah  က ပြောသည်။

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် သွားရောက် လည်ပတ်မှု ၃ ရာခိုင်နှုန်း အထိ တိုးတက် လာကြောင်း၊ ၂ဝ၁၅ ခုနှစ်က စင်ကာပူ နိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် ၁ဝ၅၄၅၂ ဦး သွားရောက် ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်သည် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ်ပေါင်း (၅ဝ) ပြည့်သည့်အပြင် ဗီဇာ ကင်းလွတ်ခွင့် လည်း ရရှိတော့မည့် နှစ်တစ်နှစ် ဖြစ်သဖြင့် ခရီးသွားလာမှု တိုးတက်မည်ဟု မျှော်မှန်းခြင်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူ နိုင်ငံသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ အင်ဒိုနီးရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့မှ အများဆုံး ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် လာရောက်မှု တိုးတက် လာသဖြင့် အဆင့် (၂ဝ) ၌ စာရင်းဝင်ကြောင်း ဒါရိုက်တာ Sherleen Seah က ဆက်လက် ပြောသည်။

စင်ကာပူနိုင်ငံ၌ တစ်နှစ်ပတ်လုံး နီးပါး ပွဲတော်များ ရှိခြင်း၊ အစားအသောက် များ ကောင်းခြင်းနှင့် ရှောပင်းစင်တာ များစွာရှိခြင်း စသည့် အချက်များမှာ ခရီးသွားဧည့်သည် များအတွက် ပို၍ ဆွဲဆောင်မှု ရှိပြီး မြန်မာ ခရီးသွား ဧည့်သည် များလည်း လည်ပတ်မှု အများဆုံးနိုင်ငံ တစ်ခု၌ ပါဝင်နေကြောင်း သိရသည်။

စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် စင်ကာပူနိုင်ငံရှိ အပန်းဖြေစရာ နေရာများသို့ မြန်မာ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်ခံစား နိုင်စေရန် ဈေးကွက် ရှာဖွေရေးနှင့် အရောင်း မြှင့်တင်ရေး လှုပ်ရှားမှု ပေါင်းများစွာကို ယမန်နှစ် အတွင်း ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာ-စင်ကာပူ ခရီးစဉ် အတွက် မြန်မာကုမ္ပဏီ ပေါင်း ၂ဝ ခန့်နှင့်အတူ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment