Pages

Thursday, September 22, 2016

ရန်ကုန်မြို့အတွင်း ကိုယ်ပိုင်ကျောင်းဖွင့်ရန် လျှောက်ထားမှုများကို ယခုလအတွင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးမှသာ ခွင့်ပြုသွားမည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသော ပုဂ္ဂလိက ကျောင်းပေါင်း ၅ဝ ကျော်ရှိပြီး ခွင့်ပြုနိုင်ရန် စစ်ဆေးရေး အဖွဲ့များက လိုက်လံ စစ်ဆေးနေပြီ  ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ကိုယ်ပိုင်ကျောင်း ဖွင့်ဖို့ ဘယ်လောက်ထိ ခွင့်ပြုမယ် ဆိုတာတော့ တိတိကျကျ မသိသေးပါဘူး။ လျှောက်ထားတဲ့ ကျောင်းပေါင်း ကတော့ ၅ဝ ကျော် ရှိပါတယ်။ ကွင်းဆင်းပြီး စစ်ဆေးရေး အဖွဲ့တွေက လိုက်လံစစ်ဆေး နေပါတယ်။ ဖွင့်ခွင့်ရမယ့် ကျောင်းတွေကိုတော့ အခုလအတွင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ခံသော ကျောင်းများကို အခြေခံပညာ ဦးစီးဌာနသို့ ဆက်လက် တင်ပြ၍ ယခုလအတွင်း တွင် ဖွင့်လှစ်ခွင့်ပြုရန် စီစဉ် ထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကိုယ်ပိုင်ကျောင်း ပေါင်း ၁၅၄ ကျောင်း ဖွင့်လှစ်ခွင့်ပြု ထားပြီး ကိုယ်ပိုင်ကျောင်း များကို ယာယီလိုင်စင် အနေဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ် သတ်မှတ်ကာ ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ချက် များနှင့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ ဖွင့်လှစ်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်က ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ကိုယ်ပိုင်ကျောင်း နည်းဥပဒေကို ပြဋ္ဌာန်းပေး ခဲ့ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment