Pages

Tuesday, September 20, 2016

အကြမ်းဖက်မှု နှင့် အမုန်းတရားအခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာသည့် အမေရိကန်




( ရှိန်းထက် )

၁၂ နာရီအတွင်း အမေရိကန် ပြည်ထောင်စု ရှိ မြို့သုံးခု၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရခြင်းကို ပုံမှန် မဟုတ်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဟု လူတိုင်းက ဝေဖန်နေကြ ချိန်တွင် နယူးယောက် အုပ်ချုပ်ရေးမှူး အင်းရူးကွာမို က အကြမ်းဖက်မှုကို အခြေခံသည့် တိုက်ခိုက်မှုများ ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

နယူးယောက်၌ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် လူပေါင်း ၂၉ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကာ မင်နက်စတို တွင် လူကိုးဦး ဓားထိုးခံခဲ့ ရသည်။ တိုက်ခိုက်မှု နှစ်ခု စလုံးသည် ဆီးရီးယားရှိ ISIS တို့ကို ထောက်ခံသူ များ၏ လက်ချက်ဖြစ်၍ အမေရိကန် ၌ အကြမ်းဖက်မှုနှင့် အမုန်းတရား အခြေခံ တိုက်ခိုက်မှုများ မြင့်တက် လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုကို သွေးကွဲလာသည့် ပြည်ထောင်စု ဟုပင် ခေါင်းစဉ်တပ် သူများက တပ်နေကြပြီ ဖြစ်သည်။ လူမည်းများကို လူဖြူရဲများ က ပစ်သတ်သည့် ဖာဂူဆန် လူသတ်မှု ဖြစ်ရပ်များသည် အမုန်းတရား အပေါ် အခြေခံသည့် အကြမ်းဖက်မှု များကို ဖြစ်ပေါ်စေပြီး နိုင်ငံတွင်းရှိ အစ္စလာမ်မစ် များအား ပြည့်ဝစွာ ထိန်းချုပ်နိုင်မှု မရှိခြင်းက အကြမ်းဖက် မူဝါဒ တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေသည်။

အမေရိကန်သည် ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းအထိ ၄င်း၏မြေပေါ်၌ ISIS မရှိကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ယခု ISIS အနွယ်ဝင် အကြမ်းဖက် သမားများ အမေရိကန် မြေပေါ်တွင် အတော်များများ စိမ့်ဝင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေထူလျက် ရှိသည်။ လက်နက် လွတ်လပ်စွာ ကိုင်ဆောင်မှုကြောင့် နှစ်စဉ် လက်နက်ကိုင်ဆောင် ရမ်းကား တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ယခုအခါ အကြမ်းဖက်မှု ဘက်သို့ ကူးပြောင်းလာပြီ ဖြစ်သည်။

လွတ်လပ်စွာ သေနတ် ကိုင်ဆောင်ခွင့် ကပင် အကြမ်းဖက်မှုကို အားပေး အားမြှောက် ပြုသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ပ် တက်လာလျှင် လက်နက် ကိုင်ဆောင်ခွင့် ကို လုံးဝပိတ်ပင် မည် မဟုတ်ဟု ဆိုထားသောကြောင့် အမေရိကန်သည် ရာဇဝတ်မှု ပိုမိုများပြားသည့် နယ်မြေတစ်ခု ဖြစ်လာဦးမည် ဖြစ်သည်။ ယခုပင် ဒေါ်နယ်လ်ထရမ့်ပ် ထောက်ခံသူ များနှင့် ဟီလာရီကလင်တန် ထောက်ခံသူများကြား အကြီးမားဆုံး သွေးကွဲမှုကြီး အမေရိကန်၌ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ တိုက်ဆိုင်စွာပင် လူမည်းများကို လူဖြူရဲများက ပစ်သတ်ခဲ့သည့် အမှုများကလည်း အမေရိကန်၏ လူမျိုးရေး ခွဲခြားမှုများ ပပျောက်နေပြီ ဟု ကြွေးကြော်နေသည့် အချိန်နှင့် ကိုက်ညီစွာ ဖြစ်ပေါ်လာသည်။

ဒါးလပ်မြို့၌ ရဲငါးဦးကို ပစ်သတ်ခဲ့သည့် အမှုက အမေရိကန် ခေတ်သစ် သမိုင်းတွင် အမုန်းတရား အခြေခံသည့် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သည်။ သေနတ်သမား မိုက်ကာဂျွန်ဆင် က သူတို့ လူမည်းများကို လူဖြူရဲများက ပစ်သတ်နေသည့် အပေါ် မကျေနပ်သောကြောင့် ပစ်သတ်သည် ဟု ပွင့်ပွင့်လင်းလင်း ပင် ထုတ်ဖော် ပြောခဲ့သည်။

ယင်းသေနတ်ဖြင့် တိုက်ခိုက်မှုများ အပြင် ဂျွန်ဆင် ၏အိမ်၌ လက်လုပ်ဗုံး အမြောက်အမြား ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပြီး ထိုထက် ပိုမိုကြီးမားသည့် အကြမ်းဖက်မှုမျိုးကို လုပ်ရန် ဂျွန်ဆင် က စီစဉ်ထားခြင်း ဖြစ်သည်။ စကားဝှက်များဖြင့် ဂျွန်ဆင် မှတ်ထားသည့် စာတိုသင်္ကေတ ဝှက်စာများကို ရဲများက ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ အမေရိကန်ရဲ အများဆုံး သေဆုံးသည့် အမုန်းတရား တိုက်ခိုက်မှု တစ်ခုအဖြစ် မှတ်တမ်းဝင် ခဲ့ပြီ ဖြစ်သည်။ တစ်ဖန် အိုဟိုင်းအိုး ၌ ဧပြီလတုန်းက မိသားစုလိုက် အသတ်ခံခဲ့ ရသည့် ပြဿနာများ ကလည်း အမေရိကန် အစိုးရအတွက် ခေါင်းခဲစရာများ ဖြစ်နေပြန်သည်။ မိသားစု ရှစ်ဦးစလုံးကို အပြစ်ပေးသည့် ပုံစံဖြင့် ရက်ရက်စက်စက် သတ်ခဲ့ကြပြီး ထိုအထဲတွင် အပြစ်မဲ့သည့် ကလေးနှစ်ဦးပါ ပါခဲ့သည်။ နှစ်ဦးကို တစ်နေရာစီခွဲကာ အလောင်းများကို တွေ့ရှိခဲ့ပြီး ယခုအချိန်ထိ တရားခံမမိ သေးပေ။ ထို့ကြောင့် အမေရိကန် ၌လည်း ၂ဝ၁၆ ခုနှစ်ကို ထူးထူးခြားခြား အကြမ်းဖက် တိုက်ခိုက်မှု အများဆုံး ဖြစ်နေသည့်နှစ် အဖြစ် သတ်မှတ်ထားကာ ISIS များ သူ့မြေပေါ် ခြေချခဲ့သည့်နှစ် ဟု ဆိုလျှင်လည်း မှားမည် မဟုတ်ပေ။

ပြီးခဲ့သည့် ၁၅ နှစ်အချိန် စက်တင်ဘာ ၁၁ ရက်မှစ၍ အမေရိကန် အစိုးရ အဆက်ဆက်သည် သူ့မြေပေါ်၌ နောက်ထပ် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဖြစ်စေရဟု ကြွေးကြော် ထားသည်။ ထို့ကြောင့် အရှေ့ အလယ်ပိုင်း၊ အာဖရိက စသည့် အကြမ်းဖက် တို့၏ ပေါက်ဖွားရာ နေရာများကို အမေရိကန်တို့ ဒေါ်လာ ဘီလီယံနှင့်ချီ အသုံးပြုပြီး ဖြေရှင်းခဲ့သည်။ သူ့နိုင်ငံကိုလည်း အကြမ်းဖက်မှု ကင်းစင်သည့် ကမ္ဘာပေါ်က စံပြ အလုံခြုံဆုံး နိုင်ငံအဖြစ် နေထိုင်နိုင်ရန် အစီအစဉ်များ ဆွဲခဲ့သည်။ ဆယ်စုနှစ် တစ်စုစာပင် အမေရိကန် တို့ သူတို့လုံခြုံရေးကို ထိန်းထား နိုင်ခဲ့သည်။ ယခုတော့ အမေရိကန် မြေပေါ်ကို ISIS အနွယ်များ ရောက်ရှိနေပြီ ဖြစ်သည်။ နယူးယောက် သည် တစ်နေ့တည်းတွင် ဗုံးနှစ်လုံးဒဏ် ကို ခံရလုနီးပါး ဖြစ်ခဲ့သည်။

ပထမဆုံး ဗုံးကွဲပြီး အနည်းငယ် အကြာတွင် နောက်ထပ် ဗုံးတစ်လုံး မကွဲသေးမီ အမေရိကန်ရဲ များက တားဆီး နိုင်ခဲ့သည်။ စက်တင်ဘာ ၁၇ ရက် စနေနေ့ညကို ရှုပ်ထွေးမှုများနှင့် စနေနေ့ည ဟု လူတိုင်းက ခေါင်းစဉ်တပ် နေကြပြီ ဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်သူတို့က သူတို့လုံခြုံရေး ကိုလည်း စိုးရိမ်စိတ်များ စဝင်လာနေပြီ ဖြစ်သည်။

ယခု အမေရိကန်၏ ဖြစ်ရပ်များသည် ဂျာမနီကဲ့သို့ပင် ဖြစ်နေသည်။ ဂျာမနီ၌လည်း ဂီတပွဲတော်ကို ဗုံးခွဲသည်။ ထို့နောက် ရထားပေါ်၌ ဓားနှင့် လိုက်ခုတ်သည့် အကြမ်းဖက် ဖြစ်ရပ်များ ဖြစ်ပြီးနောက် ဂျာမနီ ပြည်သူများ သူတို့ လုံခြုံရေးကို စိုးရိမ်စိတ်များ ဝင်ခဲ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကလည်း ဂျာမနီ၌ ISIS အနွယ်ဝင် လူသုံးဦးကို ဖမ်းဆီးရမိခဲ့ သေးသည်။ ယခု အမေရိကန် တို့လည်း ဂျာမနီ ကဲ့သို့ ဖြစ်နေသည်။ ၂ဝ၁၅ ခုနှစ် တစ်နှစ်တည်း တွင်ပင် အမေရိကန်၌ အကြမ်းဖက်မှု ခေါင်းစဉ် တပ်ထားသော တိုက်ခိုက်မှု ၁၁ ခု ဖြစ်ပွားခဲ့သည်။ ၂ဝ၁၆ ခုနှစ် အရောက်တွင်လည်း စက်တင်ဘာလ အထိ အကြမ်းဖက် မှုပေါင်း ကိုးခုအထိ ရှိသွားပြီဖြစ်သည်။ နယူးယောက်၌ အမေရိကန် အာဏာပိုင်တို့က လုံခြုံရေးကို အင်အားတိုးမြှင့် ခဲ့ပြီး ရဲ ၁ဝဝဝ ကျော်ချထားသည်။

ထို့ကြောင့် စက်တင်ဘာ ၁၁ ရက်ကဲ့သို့ လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အကြမ်းဖက်မှုမျိုးကို ခံစားခဲ့ရသော အမေရိကန် ပြည်သူများ၏ ရင်ထဲသို့ သံသယများ စတင် ဝင်ရောက်လာနေပြီ ဖြစ်သည်။ ထိုကြားထဲ ISIS တို့ကလည်း အမေရိကန်မြေတွင် သမိုင်း မှတ်တမ်းဝင်မည့် ၉/၁၁ ကဲ့သို့ အကြမ်းဖက်မှုကြီး ထပ်လုပ်မည်ဟု ဆိုထား သောကြောင့် အမေရိကန်တို့ လုံခြုံရေး အင်အားနှင့် စုံစမ်းစစ်ဆေးမှု များကို နှစ်ဆအထိ တိုးမြှင့်လုပ်ဆောင် နေရပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment