Pages

Wednesday, September 21, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ 
သံအမတ်ကြီး H.E. Mr. Mark Mc Dowell အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၁-၉-၂၀၁၆

မိမိတို့ အနေဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်၊ ပြည်သူလူထုက အားကိုးရသည့်၊ တိုင်းပြည်ကို အကျိုးပြုနိုင်သည့် တပ်မတော် ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက် များအပေါ် အပြုသဘော ဆောင်သည့် သုံးသပ်ချက်များ ရှိသကဲ့သို့ တချို့ အပြုသဘော မဆောင်သည် များလည်း ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mr. Mark Mc Dowell အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု များတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် နိုင်ငံတော် အာဏာကို အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်း နိုင်မှုတို့တွင် တပ်မတော် အနေဖြင့် ကြိုတင်ပြောဆို ခဲ့သည့်အတိုင်း မှန်ကန်စွာ လုပ်ဆောင် ခဲ့သည်ကို အားလုံးမြင်တွေ့ ရပါကြောင်း ဦးစွာ ပြောကြား၍ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက် နေမှု အခြေအနေများ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှု အတွက် လိုအပ်သည့် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု ရရှိရေးအတွက် ဥပဒေနှင့် ညီညွတ်စွာ ဆောင်ရွက်နေမှု၊ ဥပဒေနှင့် မညီပါက ကာကွယ်ရမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုမြန်ဆန်ရေး အတွက် နယ်စပ်ဒေသ တိုင်းရင်းသား များ၏ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် နည်းနိုင်သမျှ နည်းစေရေး ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးသင့်သည့် အချက်များ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး နှင့် မိုင်းသစ်များ ထပ်မံ မထောင်ရန် လိုအပ်မှု အခြေအနေများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော ဖက်ဒရယ်နှင့် ပတ်သက်သည့် ဝိသေသ လက္ခဏာများနှင့် ကမ္ဘာ့နိုင်ငံတိုင်း တွင် တပ်မတော် တစ်ခုတည်းသာ တည်ရှိမှု၊ အနာဂတ် ကာလ မြန်မာ့တပ်မတော် နှင့် ပတ်သက်သည့် သဘောထား အမြင်များ၊ တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှု ရှိခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာမှုကို အထောက်အကူ ပြုခြင်းကြောင့် တပ်မတော် နှစ်ရပ် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကနေဒါနိုင်ငံ သံအမတ်ကြီး အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment