Pages

Wednesday, September 21, 2016

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၈ ဦး၏ နေရပ်သို့ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၁-၉-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း လုပ်သားများ အနက်မှ ၁၃၈ ဦးသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း BFM ၏ MAI လေယာဉ် အခမဲ့ခရီးစဉ်ဖြင့် ယမန်နေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ မွန်ပြည်နယ်မှ အများဆုံးပါ ဝင်ကြောင်း သိရသည်။

ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၁ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ငါးဦး၊ မကွေးတိုင်း ဒေသကြီးမှ ၁၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၂၃ ဦး၊ ကရင်ပြည်နယ်မှ နှစ်ဦး၊ မွန်ပြည်နယ်မှ ၃၇ ဦး၊ ရခိုင်ပြည်နယ်မှ ၂၉ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ချင်းပြည်နယ်မှ နှစ်ဦး အပါအဝင် စုစုပေါင်း ၁၃၈ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်ပြန်ပို့ရေး ကော်မတီများ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ IOM ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများနှင့် နေရပ်ပြန်ရောက် မြန်မာ လုပ်သားများ၏ မိသားစုဝင်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ ကြသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံ နေရသော မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂၉၄ ဦး ရှိရာ ယခု အသုတ်သည် သတ္တမ အသုတ်ဖြစ်သည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးများမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည်ခေါ်ယူ နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်သည်။ ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၃၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဓမ္မာရုံတွင် ခေတ္တထားရှိကာ စစ်ဆေး စုံစမ်းမှုများနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ကာ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာပြည်မှာ အလုပ်မကောင်းလို့ အောက်လမ်းကနေ သွားလုပ်တာပါ။ ပင်လယ်မှာ ငါးဖမ်း /ငါးမွေးမြူရေး လုပ်ရတာပါ။ လာဖမ်းတော့ ပြေးစရာ မရှိဘူးလေ။ ဟိုမှာက ပတ်စ်ပို့ တွေ၊ အလုပ် လုပ်ကိုင်ခွင့် ခေါ်စာတွေ၊ ဗီဇာတွေ မရှိရင် အဆင်မပြေဘူး။ ပြန်ခွင့်ရမယ့် ထဲပါလာတော့ အရမ်းကို ဝမ်းသာခဲ့ရတယ်။ ဟိုမှာက ပတ်စ်ပို့ ပျောက်သွားလို့ အဖမ်းခံရတဲ့ သူတွေ Oversea ဖြစ်လို့ ဖမ်းခံရတာတွေ အများကြီး ပါပဲ။ အခုလို MAI လေယာဉ်နဲ့ အခမဲ့ခေါ် ပေးတဲ့ ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း အဖွဲ့ကိုလည်း အရမ်းကျေးဇူးတင် ပါတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်နေ မြန်မာရွှေ့ပြောင်း လုပ်သား ကိုစောထွန်းနိုင် က ပြောသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် လေယာဉ် စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးအပ် ခဲ့သည်။ IOM အနေဖြင့် နေရပ်ပြန် စရိတ် ၊အဝတ်အထည် အသုံးအဆောင် ပစ္စည်းအား ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးသည့် အပြင် နေရပ်သို့ ချက်ချင်းမပြန် နိုင်သူများအား ရန်ကုန်မြို့တွင် ခေတ္တနေရာ ချထားပေးသည်။ မလေးရှား ထိန်းသိမ်းရေး စခန်းများ ရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား သြဂုတ် ၈ ရက်မှ ပထမအသုတ် အဖြစ် စတင်ကာ ယခုသတ္တမ အကြိမ်ထိ စုစုပေါင်း ၉၆၁ ဦး ခေါ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment