Pages

Wednesday, September 21, 2016

ကောက်ညှင်း ဆန်စေး နှင့် မတည့်သော ဆီးချိုရောဂါ


ကောက်ညှင်း ဆန်စေး နှင့် မတည့်သော ဆီးချိုရောဂါ

ကြည်လွင်မြင့် (မုဒြာ)

ဆီးချိုသွေးချို ရောဂါသည် မွေးရာပါ သို့မဟုတ် မျိုးရိုးကြောင့် ဖြစ်သော အမျိုးအစား (၁) ဆီးချိုရောဂါ နှင့် မျိုးရိုးကြောင့် မဟုတ်ဘဲ မိမိ အစားအသောက်၊ အနေအထိုင် မှားယွင်းမှု ကြောင့် အသက်ကြီးမှ ဖြစ်သည့် အမျိုးအစား (၂) ဆီးချိုရောဂါ ဟု ဆေးပညာရှင် များက သတ်မှတ် ကြသည်။ ဒေသနာနယ ဆေးပညာ အလိုအရ ဆိုလျှင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကြောင့် ဖြစ်သည်။ မွေးရာပါကြောင့် ဖြစ်ရသည်မှာ ကံကြောင့်၊ မိမိ အစားအသောက် မှားယွင်းမှုကြောင့် ဖြစ်ရသည်မှာ အာဟာရ ကြောင့် ဖြစ်သည်။

လူတို့ စားသုံးကြသည့် ရသာခြောက်ပါးတွင် ချို၊ ချဉ်၊ အငန်၊ အစပ်၊ အခါး၊ အဖန် ဟုရှိရာ မျှတအောင် စားရမည်။ ရသာခြောက်ပါး စုံအောင်စားလျှင်၊ မျှတအောင် စားလျှင် ရောဂါကင်းသည်။ ဓာတ်ကြီးလေးပါး ညီမျှသည်ဟု ဆိုသည်။ ရသာ တစ်မျိုးမျိုးကို လွန်ကဲအောင် စားလျှင် ရောဂါရတတ်သည်။ အစပ်စားဖန် များလျှင် မျက်စိရောဂါ၊ အငန်စားဖန် များလျှင် သွေးတိုးနှင့် ကျောက်ကပ်ရောဂါ၊ အချဉ်အစား များလျှင် လေပွလေပျက် ရောဂါ၊ အဖန်အစား များလျှင် လေချုပ် သွေးချုပ်ရောဂါ နှင့် အချိုကြိုက်ပြီး လွန်ကဲအောင် စားသူများမှာ ဆီးချိုသွေးချို ရောဂါများ ဖြစ်နိုင်ပေသည်။

ဆီးချိုဖြစ်ပြီ ဆိုသည်နှင့် ဆရာဝန် များက ထမင်းကို တတ်နိုင်သမျှ လျှော့စားခိုင်း သည်။ အချိုဓာတ် မပါသော အသားနှင့် အသီးအရွက် တို့ကို စားရန် ညွှန်ကြားလေ့ ရှိသည်။ မြန်မာလူမျိုးများမှာ ထမင်းမစား ရလျှင် မတင်းတိမ် သောလူမျိုး ဖြစ်သဖြင့် ဒုက္ခတွေ့ကြ ရသည်။ ခေါက်ဆွဲ၊ ပေါက်စီ စသော အစားများမှာ စားနေကျ အစာမဟုတ် သဖြင့် မစားချင်။ နောက်ဆုံးတွင် မရှောင်ချင် ကြတော့။ ဖြစ်ချင်ရာဖြစ် စားကြရင်း ဒုက္ခရောက်သူ များလည်း ရှိသည်။

အရှေ့တိုင်းသားများ အထူးသဖြင့် အာရှတိုက်သား အားလုံးသည် ဆန်ကို စားကြသည်။ လျှပ်စစ်ဓာတ်အား ဖြင့် ချက်ပြုတ်သူ များမှာ ဆန်ကို ပေါင်းအိုးဖြင့် ချက်သဖြင့် ဖွဲနုမှထွက်သော အာဟာရနှင့် ကစီဓာတ် ပိုရသည်ဟု ဆိုသည်။ အမှန်မှာ ရေခန်းချက်သော ထမင်းကြောင့် ဆီးချိုပို၍ တက်နိုင်ခြေ ရှိသည်။

တောရွာများတွင် ထမင်းပေါင်းအိုး မသုံးတတ် ကြပါ။ ဆန်ကို ရေနှစ်ထပ်၊ သုံးထပ် စင်အောင် ဆေးပြီးမှချက်သည်။ ပြီးလျှင် ဆန်နူး သောအခါ ထမင်းရည်ကို ငှဲ့ပြီး သွန်ပစ်သေးသည်။ ဤအတွက် ကြောင့် ထမင်းရည်တွင် အာဟာရဓာတ် နှင့် ကစီဓာတ် များစွာ ပါသွားသည် ဆိုသော်လည်း ရေရှည်တွင် ဆီးချိုသွေးချို ဖြစ်နိုင်ခြေ နည်းပါးသည်။ ကျေးလက်တောရွာ နေသူများ၊ ထမင်းရည် ငှဲ့ချက်သူ များတွင် ဆီးချိုဖြစ်ပွားမှု နည်းပါးသည်ကို သတိပြုမိ နိုင်ပေသည်။ 

ထမင်းထက် ဆိုးသည်မှာ ကောက်ညှင်း နှင့် ဆန်စေး (တချို့က ရှမ်းဆန်ဟု ခေါ်သည်) ပင်ဖြစ်သည်။ စေးကပ်သော ကောက်ညှင်းသည် ထမင်းထက် ပို၍ ဆီးချိုရောဂါ ကို ဖြစ်စေနိုင်သည်။ ထမင်းချက်သော ဆန်အမျိုးမျိုး ရှိရာ ဧည့်မထ၊ တောင်ပြန်၊ လုံးသွယ်မွှေး စသော ဆန်အကောင်းစား များသည် အဆီ၊ အစေးဓာတ် ပိုများသဖြင့် ဆီးချိုရောဂါ ရှိသူများနှင့် လုံးဝမသင့်ပေ။ ဆန်လုံးညို၊ ဆန်ကြမ်း များကိုလည်း ထောင်သားများမှ လွဲ၍ မည်သူမျှ မစားကြပေ။ ဆီးချိုရောဂါကို ကြိုတင် ရှောင်ရှားလိုလျှင် မစားသင့်သော ဆန်မှာ ထမင်းချက်ပြီးလျှင် ထမင်းစေ့ချင်း ပူးကပ် မနေသော ဆန်မျိုးမှာ အသင့်လျော်ဆုံး ဖြစ်သည်။ စေးကပ်နေသော ထမင်းသည် ''သိနိဒ္ဓ'' ခေါ် သွေးလေးစေသည့် ဓာတ်ပါရှိသည်။ ရှောင်ကြဉ်အပ် သည်ဟု ဆေးကျမ်းများက ဆိုသည်။

အဆီ၊ အစေး ရှိသော အစာသည် အစာကြေခဲသည်။ ရောဂါမှန်သမျှ အစာမကြေ ခြင်းက စသည် (ရောဂါမူလံ အဇိဏ္ဏကံ) ဟူသော စကားကြောင့် ကြေခဲသော အစာကို ရှောင်ကြဉ်သင့် ပေသည်။ အမျိုးအစား(၂) ဆီးချိုရောဂါ ဟု ခေါ်သော အသက် ၅ဝ ဝန်းကျင်မှ ဖြစ်သော ဆီးချို ဝေဒနာရှင်များ အနေဖြင့် ဆန်ကို ရွေးချယ်ရာတွင် အစေးဓာတ် ကင်းသောဆန်ကို ရွေးချယ်စားသုံး သင့်ပေသည်။ ဆန်ကို ထမင်းချက်လျှင် ပေါင်းအိုးဖြင့် မချက်ဘဲ မြန်မာ့ရိုးရာ ရှေးနည်းအတိုင်း ထမင်းရည် ငှဲ့ချက်ပါ။ ရှေးက လူကြီးများသည် မြေအိုးဖြင့် ထမင်းချက်သည်။ ဆူပွက်လာသောအခါ ထမင်းရည်ကိုငှဲ့ပြီး တချို့က အဆာခံ အာဟာရ အဖြစ် သောက်သည်။ တချို့အိမ်မွေး တိရစ္ဆာန် ခွေး ၊ ၀က် များအတွက် အစာခွက်ဖြင့် ထည့်ကျွေးသည်။ ထမင်းရည်ကို အလဟဿ သွန်မပစ်ကြပါ။ မြေအိုး နှင့်ချက်သော ထမင်းတွင် စလောင်းဖုံး အချွန်အထိ စူတက်နေသော ထမင်းကို ဦးပေါင်း ဟု ခေါ်သည်။ ထမင်း ဦးပေါင်းကို အမြတ်တနိုး ခူးယူပြီး ဘုရားတင်လေ့ ရှိသည်။ ရှေးက ထမင်းချက်နည်း သည် ဆီးချိုရောဂါ ဘေးကင်းဝေး စေသော နည်းကောင်း ဖြစ်နိုင်ပေသည်။ ကောက်ညှင်း နှင့်လုပ်ရသော မြန်မာ့ရိုးရာ အစားအစာ မုန့်များလုပ်သော အခါတွင် ဆန်ကြမ်းရောပြီး လုပ်လေ့ရှိကြသည်။

ဆီးချိုသွေးချို ရောဂါသည် အစားရှောင် ရသော ရောဂါဖြစ်သည်။ ထမင်းကို အဓိက မက်မက်မောမော စားကြသော မြန်မာလူမျိုးများ အဖို့ အကြံပေးလို သည်မှာ ဆန်ကြမ်းကို မစားနိုင်သည့်တိုင် ရွှေဘိုမနော်၊ မဂျမ်းတော၊ မစောရှုတ်၊ မနောသုခ စသည့် အစေးဓာတ် နည်းသည့် ဆန်အမျိုးအစားကို ပြောင်းစား သင့်သည်။ ကောက်ညှင်းဆန်၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်း နှင့်လုပ်သော မုန့်များကို လုံးဝ ရှောင်ကြဉ်သင့် ကြောင်း ရေးသား လိုက်ရပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment