Pages

Friday, September 30, 2016

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား ၁၃၈ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၃၀-၉-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးထိန်းသိမ်း ခံရသည့် မြန်မာနိုင်ငံ သား များအနက် မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာ နိုင်ငံသား ၁၃၈ ဦးနှင့် ရင်ခွင်ပိုက် ကလေး တစ်ဦးတို့အား ပြည်ပတွင် အလုပ်လုပ် ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ ကြီးကြပ်မှု၊ Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများ၏ လှူဒါန်းမှုဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) လေယာဉ်ဖြင့် ယမန်နေ့ည ၈ နာရီ မိနစ် ၄ဝ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည်။

ပြန်လည်ရောက်ရှိ လာသည့် အလုပ်သမား များအား Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများ၏ လှူဒါန်းမှုဖြင့် အလုပ်သမား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ စီ ထောက်ပံ့ပေးပြီး နေရပ်သို့ ချက်ချင်းပြန် နိုင်ခြင်း မရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဓမ္မာရုံ၌ နေရာချထား ပေးကာ IOM အဖွဲ့မှ နေရပ်ပြန် ခရီးစရိတ်၊ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါး ပစ္စည်းများ ကို ထောက်ပံ့ ကူညီခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကျန်းမာရေး ဝန်ထမ်းများမှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျက် ရှိရာ အကြောင်း အမျိုးမျိုး ကြောင့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်မည့် အလုပ်သမား များအား ကူညီ ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ ယင်းတို့၏ မိသားစုများနှင့် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ C of I ဖြင့် ပြန်လာသည့် အလုပ်သမား များအား နိုင်ငံတော် အစီအစဉ်ဖြင့် သြဂုတ် ၈ ရက် မှစ၍ ပြန်လည် ခေါ်ယူလျက် ရှိရာ ပထမအကြိမ် မှ ယခု ဒသမ အကြိမ်အထိ စုစုပေါင်း ၁၃၇၂ ဦးနှင့် ရင်ခွင်ပိုက် ကလေး လေးဦးတို့ကို ပြန်လည်ခေါ်ယူ ပေးပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment