Pages

Friday, September 23, 2016

လာမည့်ခရီးသွားရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာနှစ်ရွာကို လင်းပိုင်ကြည့် ခရီးစဉ်တွင် ထည့်သွင်းတိုးချဲ့ သွားမည်



ဝက်လက် ၊ ၂၃-၉-၂၀၁၆

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် ရည်ရွယ်ထားသည့် ဧရာဝတီ လင်းပိုင် အခြေပြုခရီးသွား လုပ်ငန်းကို တိုးချဲ့သည့် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်သည့် ရှိန်းမကားရွာသစ် နှင့် လင်းပိုင်များ စုဝေးတတ်သည့် အင်ဒေါင်ကျေးရွာ တို့ကို လာမည့်ခရီးသွား ရာသီတွင် လင်းပိုင်ကြည့် ခရီးစဉ်အဖြစ် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။

''ထပ်တိုးတဲ့ ရွာနှစ်ရွာမှာ ရှိန်းမကားရွာ မှာက ရိုးရာ အိုးလုပ်ငန်းတွေ ရှိပါတယ်။ ဒါ့အပြင် အင်ဒေါင်ကျေးရွာ က လင်းပိုင်တွေ ကျက်စားတဲ့ နေရာ ဖြစ်လို့ပါ။ ဒါကြောင့် အဲဒီရွာကနေ လင်းပိုင်တွေကို ကြည့်လို့ရတဲ့ အတွက် အဲဒီရွာကိုပါ ထပ်တိုး လိုက်တာပါ။ မကြာခင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ စီမံချက်မန်နေဂျာ ဦးကျော်လှသိန်း က ပြောသည်။

လက်ရှိတွင် တိုးချဲ့လိုက်သည့် ကျေးရွာနှစ်ရွာ အပါအဝင် ဧရာဝတီလင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်း၌ ပါဝင်သည့် ကျေးရွာပေါင်း ရှစ်ရွာခန့် ရှိလာပြီဖြစ်ပြီး တိုးချဲ့ထားသည့် ကျေးရွာနှစ်ရွာ၌ ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို စတင် လုပ်ဆောင်နေကာ မကြာမီ ကာလအတွင်း ကျေးရွာနေ ပြည်သူများ ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဆင့်မြှင့်တင် မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ လင်းပိုင် ခရီးစဉ်ကို လေ့လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို လိုက်ပါပို့ဆောင် ရသည့် ခရီးစဉ်မှာ တစ်နှစ်လျှင် ၁ဝ ကြိမ်သာ ရှိကြောင်း လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment