Pages

Friday, August 19, 2016

ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော စီ-၄၇ လေယာဉ်၏ နောက်ဆုံးသမိုင်းဝင် ခရီးစဉ်အဖြစ် သြဂုတ် ၂၀ ရက်တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်



မန္တလေး ၊ ၁၉-၈-၂၀၁၆

မြန်မာနိုင်ငံ နှင့် အမေရိကန် ပြည်ထောင်စု တို့၏ ချစ်ကြည်ရင်းနှီးမှု ကို ပြသသော အားဖြင့် ဒုတိယကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော သမိုင်းဝင် လေယာဉ်တစ်စင်း ဖြစ်သည့် စီ-၄၇ ၏ နောက်ဆုံး ဟမ့်တောင်ကုန်း တစ်လျှောက် ပျံသန်းသည့် ခရီးစဉ်အဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သြဂုတ် ၂၀ ရက် နံနက်ပိုင်း၌ ရောက်ရှိမည် ဖြစ်ကြောင်း ဂျက်ဖာဆန် စင်တာ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လေယာဉ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွေ့လင်မြို့ ရှိ ကျားပျံ အမွေအနှစ် ပြတိုက်တွင် ထာဝရ ပြသထားရန် အတွက် ဟမ့်တောင်ကုန်း တစ်လျှောက် ပေါ်မှ မပျံသန်းမီ မန္တလေးမြို့ တွင် သမိုင်းဝင် ခရီးစဉ်အဖြစ် ဆင်းသက်မည် ဖြစ်ကာ သြဂုတ် ၂၀ ရက် ညနေ ၃ နာရီတွင် ဂျက်ဖာဆန် စင်တာ ၌ အဆိုပါ ခရီးစဉ် အကြောင်းကို ရှင်းလင်း ပြောကြားမည် ဖြစ်သည်။

" ဒုတိယကမ္ဘာစစ် က ကျားပျံလို့ လူသိများတဲ့ စီ-၄၇ လေယာဉ်ကို ဟိမ၀န္တာ တောင်တန်းပေါ်ကနေ မပျံသန်းခင် ခေတ္တနားမှာ ဖြစ်ပါတယ် ၊ လေယာဉ်ကို အသက် ၅၀ ကျော်ပိုင်းလော့ Tom Claytor က မောင်းနှင်လာ မှာပါ။ သူနဲ့အတူ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အသက် ၉၀ ရှိ လေသူရဲ စစ်ပြန်ကြီး တစ်ဦးလဲ ပါမှာပါ " ဟု ဂျက်ဖာဆန် စင်တာ မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဒုတိယကမ္ဘာစစ် အတွင်းက အန္တရာယ်ကြီးစွာ မောင်းနှင်ပျံသန်း ခဲ့ကြသော ကျားပျံများ ဟု လူသိများခဲ့ပြီး လေယာဉ်မှူး များမှာ စစ်အတွင်းက စစ်အောင်နိုင်ရေး နှင့် ငြိမ်းချမ်းရေး တို့အတွက် ကြိုးစားအားထုတ်ရန် အဆိုပါ ခရီး လမ်းကြောင်းတွင် လှုပ်ရှားသွားလာ ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ဟမ့်တောင်ကုန်း တစ်လျှောက် ခရီးစဉ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ မ၀င်ရောက်မီ ဟိမ၀န္တာ တောင်တန်းပေါ်မှ ပျံသန်းသွားသည့် ခရီးကို ခေါ်ဆိုကြခြင်း ဖြစ်ပြီး ဒုတိယကမ္ဘာစစ် အတွင်းက အမေရိကန် လေယာဉ်မှူးများ အသုံးပြု ပျံသန်း မောင်းနှင်ခဲ့ရသည့် အန္တရာယ် အကြီးမားဆုံး လေကြောင်း ခရီးစဉ်တစ်ခု ဖြစ်ကြောင်း ၊ ဤခရီးစဉ်ကို ပျံသန်း မောင်းနှင်ခဲ့ ကြသည့် ရဲစွမ်းသတ္တိ နှင့်ပြည့်စုံသော လေယာဉ်မှူး များကို ဂုဏ်ပြုသော အားဖြင့် လည်းကောင်း ၊ ဒေသတွင်း ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရေး အတွက် လည်းကောင်း ၊ ဆက်လက်၍ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး သြဂုတ် ၂၁ ရက်တွင် ပြန်လည် ထွက်ခွာပြီး ဟမ့်တောင်ကုန်း တစ်လျှောက် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment