Pages

Wednesday, August 17, 2016

ပင်လုံကျောက်တိုင်သို့ လာရောက်လေ့လာသူ ပိုမိုများပြားလာ



ပင်လုံ ၊ ၁၇-၈-၂၀၁၆

မကြာမီ ကျင်းပတော့မည့် (၂၁) ရာစု ပင်လုံညီလာခံ ကို အကြောင်းပြု၍ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပင်လုံ ကျောက်တိုင် သို့ ဒေသခံများ သာမက ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် များပါ နေ့စဉ်နှင့်အမျှ လာရောက် လေ့လာ၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးမှုများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

သမိုင်းအရ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် လန်ဒန်၌ အင်္ဂလိပ် နန်းရင်းဝန် အက်တလီ နှင့် လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့သည့် အပြင် မြန်မာပြည်သူလူထု ကလည်း လွတ်လပ်ရေး ပေးရန် တစ်ခဲနက် တောင်းဆိုကြသည်။

မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတော့မည်ကို သိရှိသည့် အင်္ဂလိပ်တို့က တောင်တန်းဒေသ ကို ချန်လှပ်ရန် ကြိုးစားလာ ကြသည်။ အောင်ဆန်း-အက်တလီ စာချုပ်တွင်လည်း တိုင်းရင်းသားတို့၏ ဆန္ဒကိုရယူပြီး မှသာ ပြည်မနှင့် ပူးပေါင်းရမည် ဟူသည့်အချက် ကိုပါ ထည့်သွင်းခဲ့သည်။

ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များက ပြည်မနှင့် တောင်တန်းဒေသ အတူတကွ လွတ်လပ်ရေး ရယူနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှစ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့တွင် တိုင်းရင်းသား ညီလာခံကို ကျင်းပခဲ့သည်။

ညီလာခံ မအောင်မြင်စေရန် အင်္ဂလိပ်တို့က အမျိုးမျိုးသွေးခွဲ ခဲ့ကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း တို့၏ ကြိုးပမ်းမှုကြောင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့သည်။

ထိုသို့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အထင်ကရ ဆောင်ရွက်ချက် တစ်ခုဖြစ်သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီး များ၏ တောင်တန်းပြည်မ မခွဲခြားဘဲ ပြည်မတောင်တန်း ပူးပေါင်းရေး အတွက် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာ ဘူမိနက်သန် နေရာအဖြစ် အဆိုပါ ပင်လုံ ကျောက်တိုင်ကို အမှတ်တရ တည်ဆောက် ထိန်းသိမ်းခဲ့သည်မှာ နှစ်ပေါင်း ၆၉ နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

ပင်လုံကျောက်တိုင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများအဖြစ် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ပထမအဆင့် အဖြစ် လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်၌ ဒုတိယအဆင့် အဖြစ် လည်းကောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြုပြင် ဆောင်ရွက်ပြီး ဖြစ်သည့်အပြင် မကြာမီ (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပမည့် သတင်းတို့ကြောင့် အဆိုပါ ကျောက်တိုင်မှာ ပိုမိုထင်ရှား လာခြင်းဖြစ်ပြီး လာရောက် လေ့လာခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း တို့ဖြင့် နေ့စဉ် စည်ကားလျက် ရှိကြောင်း ပင်လုံမြို့ ဒေသခံတစ်ဦး မှ ပြောပြ၍ သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment